အဆိုတော် Britney Spears ဟာ တရားရုံးကနေ အုပ်ထိန်းသူအဖြစ် ၁၂ နှစ်ကြာ ခန့်အပ်ထားတဲ့ သူ့ရဲ့ ဖခင်အား သူ့ရဲ့ စီးပွားရေးနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ထိန်းချုပ်နေမှုကနေ ဖယ်ရှားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့၊ လော့စ်အင်ဂျလိစ်မြို့မှာ ပြုလုပ်ခဲ့တဲ့ တရားရုံးကြားနာမှု မတိုင်ခင် အဆိုတော် Britney ရဲ့ရှေ့နေက Britney ဟာ သူ့ရဲ့ ဖခင် James Spears အား အုပ်ထိန်းသူအဖြစ် ရှိနေတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတယ်လို့ ပြောဆိုထားပါတယ်။ တရားရုံးကို တင်တဲ့စာထဲမှာတော့ အဆိုတော် Britney ရဲ့ ရပ်တည်ချက်အတွက် အကြောင်းပြချက် ဖော်ပြထားတာမျိုး မရှိခဲ့ပါဘူး။
အသက် ၃၉ နှစ်အရွယ် အဆိုတော် Britney ဟာ စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု အားနည်းခဲ့ပြီး စိတ်ရောဂါကုသခံဖို့ ဆေးရုံတက်ခဲ့ရပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ ဖခင် Jamie Spears က သူ့ရဲ့ အုပ်ထိန်းသူအဖြစ် ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဂီတလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်တဲ့အချိန်မှာတော့ အဆိုတော် Britney ဟာ Las Vegas အခြေစိုက်ဖျော်ဖြေပွဲကို ဖျက်သိမ်းလိုက်ရတဲ့အပြင် စိတ်ကျန်းမာရေး ဆေးရုံကိုလည်း တက်ရောက်ခဲ့ရပြန်ပါတယ်။
ဒါ့အပြင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလကစလို့ ပရိသတ်ရှေ့မှောက်မှာ ဖျော်ဖြေတာမျိုး မရှိခဲ့ဘဲ စိတ်အခြေအနေကြောင့် အဲ့ဒီအချိန်တုန်းက ဖျော်ဖြေမှုတွေ မလုပ်ခဲ့တာလို့ တရားရုံးကို တင်တဲ့ စာထဲမှာ ဖော်ပြထားပါတယ်။ သူ့အပေါ် ကာလကြာရှည်ထားရှိခဲ့တဲ့ အုပ်ထိန်းမှုကြောင့် ပရိသတ်တွေကနေ သူ့အတွက် ဆော်သြပေးနေတဲ့ #FreeBritney ကမ်ပိန်းအထိ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
အဆိုတော် Britney ဟာ ထောင်သားတဦးအနေနဲ့ ထိန်းသိမ်းခံနေရတယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပြီး အိမ်မှာ ကနေတဲ့ ပုံရိပ်တွေ၊ Selfie ပုံရိပ်တွေ ပါဝင်တဲ့ သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တွေကနေဆင့် သူ့ကိုလွှတ်ပေးဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။
အခုတော့ တရားရုံးကနေ တဆင့် ဖခင်ရဲ့ အုပ်ထိန်းမှုကို ဖယ်ရှားပေးဖို့ တောင်းဆိုတယ်ဆိုတဲ့ သတင်းကို အောင်မြင်မှုတခု အနေနဲ့ ပရိသတ်တွေက ကြိုဆိုခဲ့ကြပြီး သြဂုတ်လ ၁၉ ရက်နေ့တုန်းက လော့စ်အင်ဂျလိစ် မြို့လယ်မှာရှိတဲ့ တရားရုံးပြင်ပမှာ ဆန္ဒပြဖို့လည်း စီစဉ်ခဲ့ကြပါတယ်။
ပရိသတ်တဦးဖြစ်သူ Junior Olivas က “ဒီနေ့မှာ ဒီသတင်းနဲ့ ကျနော်တို့ရဲ့ ကောင်မလေးက ပျော်ရွှင်နေမယ်လို့ ထင်ပါတယ်။ ကြီးမားတဲ့ ခြေလှမ်းတရပ်ပါ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ တရားရုံးမှာ တင်ထားတဲ့ စာအရ Jamie Spears ရဲ့ မကျန်းမာတဲ့ အခြေအနေကြောင့် ပြီးခဲ့တဲ့ နှစ်ကစလို့ ယာယီအုပ်ထိန်းသူအဖြစ် Jodi Montgomery ထံပေးလိုက်တာကိုလည်း အဆိုတော် Britney က ထိန်းချုပ်မှု ပြန်လည် ရယူချင်နေတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဖခင် Jamie Spears ကတော့ #FreeBritney ကမ်ပိန်းကို ဟာသတခုအနေနဲ့ ရှုမြင်ထားပါတယ်။ Jamie က “အဲ့ဒီ လျှို့ဝှက်ပူးပေါင်း ကြံစည်ရေး သီအိုရီသမားတွေက ဘာကိုမှ သိကြတာ မဟုတ်ဘူး။ ကျနော့် သမီးအတွက် အကောင်းဆုံးဆိုတာကို ကယ်လီဖိုးနီးယား တရားရုံး ဆုံးဖြတ်ချက်သာ အဓိကကျပါတယ်။ အဲ့ဒါ ဘယ်သူနဲ့မှ ပတ်သက်တဲ့ ကိစ္စ မဟုတ်ပါဘူး” လို့ အခုလ အစောပိုင်းမှာ New York Post သတင်းစာကို ပြောဆိုထားပါတယ်။
Ref: asiaone
You may also like these stories:
မင်းသမီး ဖန်ပင်းပင်းကို ပရိသတ်တဦးက လက်ထပ်ခွင့်တောင်း
နာမည်ကျော် “Ellen DeGeneres” အစီအစဉ်မှ ထုတ်လုပ်သူ ၃ ဦး နုတ်ထွက်