“ကိုယ့်မိသားစုထဲမှာဆို ပြန်ကြည့်ပေးရတာတွေ မရှိတော့ဘူး။ ကိုယ့်မိသားစုထဲမှာ ပြန်ရှာတယ်။ သမီးအကြီးက သူပထမဆုံးစစ်မယ်လို့ ပြောတဲ့အချိန်မှာ သူက ပေးမယ်ဆိုပြီး ဇွတ်ဖြစ်နေတယ်။ ဒါပေမဲ့ သူက ကျောက်ကပ်တွေက မကောင်းဘူး။ ယောင်ထားတာတို့ ဆေးကုနေတာ ခြေထောက်တွေဖောလိုက်၊ ဗိုက်တွေဖောလိုက်နဲ့ဆိုတော့ မဖြစ်ဘူး။ ကိုယ်မရှိရင် သမီးအကြီးပဲ ရှိတာ။ သူ့မောင်လေးတွေညီမလေးတွေကို ပြန်ကြည့်ရမှာလေ” လို့ မရှင်ငြိမ်းမယ်က ပြောပါတယ်။
ဆက်လက်ပြီး “နောက်ထပ် ကျမမှာ မွေးစားထားတဲ့ သမီး ရှိသေးတယ်။ ကျမမှာ မွေးစားထားတဲ့ သမီးကို အကြီးလေးတွေ ရှိသေးတယ်။ သူတို့ဘဝတွေကို ကျမ တသက်လုံး စောင့်ရှောက်လိုက်ရတဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ ဘယ်သူ ဘယ်ဝါရယ်လို့တော့ မပြောတော့ပါဘူး။ သမီးထဲက တယောက်ပေါ့။ သူ့ဘဝမှာ ကျမနဲ့ တသက်လုံး နေရတယ်။ အတန်းပညာလည်း မတက်ချင်တော့ဘူး”
“ကျမနဲ့ပဲ ရှိအတူ၊ မရှိအတူ နေလာခဲ့တဲ့ သမီးပေါ့နော်။ လက်မှုပညာတွေ သင်ပေးလည်း မတတ်ချင်ဘူး။ အဲ့သမီးလေး တယောက်ပေါ့။ သူက လှူပါရစေလို့ ပြောတယ်။ သူကလည်း B သွေး ဖြစ်တယ်။ အရွယ်ကလည်း ငယ်တယ်။ ၂၀ အောက် ဖြစ်နေတယ်။ သားငယ်လေးကိုလည်း ချစ်တယ်။ ပြောရရင်တော့ မိသားစုပဲ မွေးစားတာနဲ့ မဆိုင်ပါဘူး” လို့ ပြောပါတယ်။
မရှင်ငြိမ်းမယ်ရဲ့ သား သမီးအကြီးများမှ သားငယ် မင်းရှင်စောအတွက် ကျောက်ကပ်ကို တယောက်မဟုတ် တယောက်က ပေးချင်ကြပြီး သွေးအမျိုးအစားလည်း တူညီကြတဲ့အတွက် စစ်ဆေးနေပြီလို့ သိရပါတယ်။
“ဒီသမီးကလည်း ဒီသားလေးကို ကယ်ချင်တယ်။ အစ်မ ကယ်လို့ မရဘူးလား၊ အစ်မကြီးကယ်လို့မ ရဘူးလား။ အစ်မကြီး မကယ်ရင် အစ်မငယ် ကယ်မယ်။ အစ်မလတ် ကယ်မယ်။ အဆင့်ဆင့်တွေ ဖြစ်နေကြတာ။ ကိုယ့်မိသားစုဝင်ထဲတင် ဒီ B သွေးဖြစ်နေကြတော့ အကုန်ပြေးစစ်ကြတာ။ သွေးအမျိုးအစားရော ကျန်းမာကြံ့ခိုင်တာရော ရောဂါပိုးကင်းစင်တာတွေရော စစ်တယ်။ တစ်ရှူးတွေ တူ၊ မတူ စောင့်ကြည့်ရမှာပေါ့။ အဖြေထွက်ရင် သိရမှာပါ” လို့ ရှင်ငြိမ်းမယ်က ပြောပါတယ်။
သားငယ် မင်းရှင်စောရဲ့ မွေးခဲ့တဲ့မိဘတွေရဲ့ ဇာတိကို ခက်ခက်ခဲခဲနဲ့ သွားရောက် ရှာဖွေခဲ့ပေမယ့် သွေးအမျိုးအစားများ မတူညီခဲ့တာကြောင့် လက်လျှော့ခဲ့ရတယ်လို့ သိရပါတယ်။
ကျောက်ကပ် လှူဒါန်းရန်အတွက် ကိုက်ညီပြီဆိုပါက အိန္ဒိယနိုင်ငံကို သွားရောက်ကုသရမှာဖြစ်တဲ့အတွက် ငွေရေးကြေးရေး လိုအပ်မှုများလည်းရှိနေတယ်လို့ သိရပါတယ်။
“ကျမတို့ နံပါတ် (၁) လုပ်ရမှာက ကလေးရဲ့ကျောက်ကပ်နဲ့ လှူမယ့် သမီးလေးရဲ့ ကျောက်ကပ်နဲ့ တူဖို့အရေးကြီးတယ်။ နောက်ပြီး ပိုက်ဆံပေါ့။ ကုန်ကျမှုတွေ ဆရာတွေက ခွဲတာတွေမှာ သိန်း ၃၅၀ လောက် ကုန်ကျတယ်လို့ပြောတယ်။ ဒါကတော့ လူကောင်း ကျန်းမာတဲ့သူတွေ လုပ်တာပေါ့။ သားသားကကျတော့ ဘာတွေထပ်ဖြစ်လာမလဲ မသိနိုင်ဘူး”
“အလှူရှင်က ၂ယောက်လောက် ခေါ်သွားရရင် ခေါ်သွားရမှာ။ သူများထက်တော့ နည်းနည်းကုန်ကျနိုင်တယ်ဆိုတော့ သိန်း ၅၀၀ ပတ်ချာလည်လောက်တော့ မှန်းထားတယ်။ ဆောင်ထားရမှာပေါ့။ ကျောက်ကပ် လဲပြီးရင်လည်း မပြီးဘူး။ သူသောက်ရမယ့် ဆေးတွေ ရှိဦးမယ်” လို့ မရှင်ငြိမ်းမယ်က ဆိုပါတယ်။
ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် ဆေးသွားရောက် ကုသရာမှ စွန့်စား၍ သွားရောက်ရမှာဖြစ်ပြီး ငွေရေးကြေးရေး အခက်အခဲအရလည်း အလှူခံလျက် ရှိပါတယ်။
“နောက်ထပ် စိတ်ဆင်းရဲစရာက ကိုဗစ်ကာလကြီး ဖြစ်နေတယ်။ အိန္ဒိယမှာက ကိုဗစ်က များနေတော့ တော်တော် စွန့်စွန့်စားစား လုပ်ရမယ်။ တဖက်ကလည်း မလုပ်လို့မရဘူး။ သားငယ်က အကြာကြီးကျောက်ကပ်ဆေးပြီး အသက်ရှင်လာခဲ့ပြီးပြီ။ နေ့တိုင်းဆေးရတာလေ။ ကလေးက ခံနိုင်ရည် မရှိတော့မှာကို ကြောက်တယ်။ ၁ နှစ်သားကတည်းက ကျောက်ကပ်ပျက်သွားတာ”
“အဲဒါကို တယောက်တည်း ကြိတ်ကုလာခဲ့တာ။ ဒီကလေးကိုပြပြီး အလှူခံခဲ့တာလည်း မရှိပါဘူး။ အပြောလည်း မခံနိုင်ခဲ့ပါဘူး။ ကိုယ်သာ တကယ်လို့ ကိုဗစ်ကာလသာ မကြုံခဲ့ရင် သူ့အတွက် အလှူခံဖြစ်မှာ မဟုတ်ဘူး။ ရှိတာရောင်းချပြီး သွားမှာ။ အခုက ကိုဗစ်ကာလမှာ စုဆောင်းထားတာတွေက မိသားစုကလည်း ကြီးတော့ ၆၀ ၊ ၇၀ ကရှိနေတော့ ဒီတစီတတန်းကြီးက ကိုဗစ်ကာလမှာ ဖြတ်သန်းခဲ့ရတာဆိုတော့ အဆင်မပြေတော့ဘူး” လို့ ပြောပါတယ်။
မရှင်ငြိမ်းမယ်မှာတော့ မွေးစားထားတဲ့ ကလေးများစွာရှိပြီး သားငယ် မင်းရှင်စောကတော့ မွေးခါစ ၁ နှစ်အရွယ်မှာပင် ကျောက်ကပ် ပျက်စီးခဲ့ရတာကြောင့် နေ့စဉ် ကျောက်ကပ်ဆေးနေတဲ့အတွက် ကျောက်ကပ် အမြန်အစားထိုးရန် လိုအပ်နေတာပဲ ဖြစ်ပါတယ်။