“ရခဲ့သမျှ အရာရာ” ဇာတ်လမ်းတွဲမှာ မှုံနံ့သာကျော်ရဲအောင်က တခါမှ မရိုက်ဖူးတဲ့ ကာရိုက်တာနေရာကနေ ပါဝင် သရုပ်ဆောင်ထားတဲ့အကြောင်း ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ရခဲ့သမျှအရာရာ ဇာတ်လမ်းတွဲမှာ တခါမှ မရိုက်ဖူးတဲ့ လူကြီးဆန်ပြီး ရင့်ကျက်တဲ့ ကောင်မလေး နေရာက သရုပ်ဆောင်ထားပါတယ်။ ဖေဖေတို့၊ ဒါရိုက်တာ ဦးဇော်တို့က သင်ပြပေးပါတယ်။ ကိုဗစ်ဖြစ်သွားတော့ အဲ့အချိန်မှာ ဝတ္ထုကို ဖတ်ဖြစ်တယ်။ ကိုဗစ်ကာလတုန်းက အိမ်မှာ နေရတာ ကြိုက်တဲ့ ညီမတောင် အရမ်းပျင်းတယ်။ အခုလို ပြန်ရိုက်ရတော့ အလုပ်တွေလည်း ပြန်လုပ်ရတော့ တော်တော်ပျော်ပါတယ်”လို့ မှုံနံ့သာကျော်ရဲအောင် က ပြောပါတယ်။
လက်ရှိ ရိုက်ကွင်းပေါ်မှာ လူအကန့်အသတ်နဲ့သာ ရိုက်ကူးနေရပြီး နောက်ထပ်လည်း အနုပညာအလုပ်တွေ လုပ်ကိုင်သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
“လူအကန့်အသတ်နဲ့ စက်အဖွဲ့တွေလည်း Mask တပ်တာတို့၊ လက်ဆေးတာတို့ လုပ်ပါတယ်။ ညီမ ကြော်ငြာတွေနဲ့ Program တွေလည်း ရိုက်ဖို့ ရှိတယ်။ အနုပညာနဲ့ ပတ်သက်ပြီးလည်း အများကြီး လုပ်သွားဖို့ ရှိပါတယ်။ ဖေဖေ့ သမီးဆိုပြီး အနုပညာတွေ ဘာမှ သိပ်မလုပ်သေးတာတောင် ချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ မှုံနံ့သာကျော်ရဲအောင်က ပြောပါတယ်။
ဖခင်ဖြစ်သူ ကျော်ရဲအောင်က အနုပညာနဲ့ ပတ်သက်တာတွေ ပြောပြပေးတယ်လို့ဆိုပြီး မှုံနံ့သာကျော်ရဲအောင်က ဖခင်ရဲ့ ရှုတင်တွေ လိုက်ပြီး လေ့လာဖြစ်တယ်လို့ ဆိုပါတယ်။
“ဖေဖေကတော့ အနုပညာနဲ့ ပတ်သက်တာတွေ ပြောပြပေးတယ်။ ငိုတဲ့အခန်းတွေ ဘယ်လို ငိုရမယ် ဆိုတာမျိုးတွေ ပြောပြပေးတယ်။ ဖေဖေ့ ရှုတင်တွေ လိုက်ပြီး လေ့လာဖြစ်တာတွေလည်း ရှိတယ်။ ဖေဖေတို့က ရိုက်တာ ကြာနေပြီဆိုတော့ သဘာဝ ကျတယ်။ ညီမက အခုမှ အနုပညာလုပ်တာဆိုတော့ အမှားတွေတော့ ရှိတယ်။ အနုပညာနဲ့ ပတ်သက်တာတွေ အများကြီး လေ့လာဖြစ်ပါတယ်”
“ညီမက အိမ်မှာဆို အငယ်ဆုံးဆိုတော့ ကလေးလိုပဲ။ အချစ်ရေးကြောင်းတွေ ပြောလို့ မရဘူး။ ညီမကလည်း ကိုရိးယား မင်းသားတွေလောက်ပဲ ကြိုက်တာ။ အချစ်ရေးနဲ့ ပတ်သက်ပြီး ဖေဖေကိုတော့ မပြောဖြစ်ဘူး။ စိတ်ဆိုးမှာ စိုးလို့။ ဖေဖေကလည်း ဘယ်လို ပုံစံမှတို့ ဆိုတာမျိုး မပြောဘူး။ မုန့် ဘာသွားစားမလဲ၊ ခရီးသွား အဲ့ဒါတွေပဲ ပြောဖြစ်တယ်”လို့ မှုံနံ့သာကျော်ရဲအောင်က ပြောပါတယ်။
မှုံနံ့သာကျော်ရဲအောင်ကတော့ သရုပ်ဆောင် ကျော်ရဲအောင်ရဲ့ သမီး ဖြစ်ပါတယ်။ သူ့ကိုတော့ “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ သိရှိခဲ့ကြတာဖြစ်ပြီး လက်ရှိမှာလည်း အနုပညာ အလုပ်တွေ လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။
You may also like these stories:
“တန်ဖိုးကြီး အနုပညာသမားတွေ ဆုံးရှုံးရမှာ ကြောက်တယ်”လို့ ကျင်ဝှက် ပြော
၁၀ တန်းကို ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့တဲ့ သားအတွက် ဂုဏ်ယူနေတဲ့ ဝိုင်းချစ်