တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ဧရိယာတဝိုက်မှာ COVID-19 တဖန် ခေါင်းထောင်လာတာကြောင့် နိုင်ငံတွင်းမှာ ရှိတဲ့ မီဒီယာလုပ်ငန်းတွေ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ရပြီး ပုံမှန်ထုတ်လွှင့်နေကျ ရေဒီယို အစီအစဉ်များ ယာယီ ရပ်ဆိုင်းခဲ့ရကာ ရုပ်သံအစီအစဉ် ရိုက်ကူးမှုများ ရပ်နားခဲ့ရတယ်လို့ သိရပါတယ်။
ဆိုးလ်မြို့ အခြေစိုက် ခရစ်ယာန် ရုပ်သံနဲ့ ရေဒီယို အသံလွှင့်ဌာနဖြစ်တဲ့ CBS ဟာ သူတို့ရဲ့ သတင်းထောက်တဦးမှာ COVID-19 ရောဂါ စစ်ဆေး တွေ့ရှိခဲ့ရလို့ ပုံမှန် ထုတ်လွှင့်နေကျ ရေဒီယို အစီအစဉ်ကို သြဂုတ်လ ၁၉ ရက်နေ့မှာ ဖျက်သိမ်းလိုက်ရပြီး အဲ့ဒါဟာ COVID-19 ကြောင့် ရုပ်သံထုတ်လွှင့်မှု ပထမဆုံး ရပ်ဆိုင်းခဲ့ရတဲ့ကိစ္စ ဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့တုန်းက အဲ့ဒီသတင်းထောက်ဟာ ရေဒီယို အစီအစဉ်တခုမှာ ပါဝင်ခဲ့တာကြောင့် အဲ့ဒီအစီအစဉ်မှာ ပါဝင်ခဲ့ကြတဲ့ ရိုက်ကူးရေး ဝန်ထမ်းများအားလုံးနဲ့ ဝန်ကြီးချုပ်ဟောင်း Lee Nak-yon အပါအဝင် ဧည့်သည်တော်တွေကို Quarantine ဝင်စေခဲ့ပြီး ဆေးစစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဝန်ကြီးချုပ်ဟောင်း Lee ဟာ ပိုးမတွေ့အဖြေ ထွက်ခဲ့ပေမယ့် သီတင်း နှစ်ပတ်ကြာ Quarantine ဝင်မယ်လို့ ဆိုပါတယ်။
အဲ့ဒီ CBS ရုပ်သံဌာနဟာ ဗိုင်းရပ်စ်ပိုးသတ်ဖို့ အဆောက်အဦကနေ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး တိုက်ရိုက် ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေနေရာမှာ ၂ ရက်ကြာ သီချင်း Streaming ထုတ်လွှင့်မှုတွေနဲ့ အစားထိုးခဲ့ပါတယ်။ ရေဒီယိုအစီအစဉ် ဝန်ထမ်းတွေအားလုံးမှာ ပိုးမတွေ့အဖြေ ထွက်တာကြောင့် သြဂုတ်လ ၂၀ ရက်နေ့၊ မွန်းတည့်ချိန်ကစလို့ ပုံမှန်အစီအစဉ်တွေကို ပြန်လည် ထုတ်လွှင့်မယ်လို့ CBS က ပြောဆိုခဲ့ပါတယ်။
တောင်ကိုရီးယားမှာ နာမည်ကြီး ရုပ်သံဌာန ၃ ခုထဲက တခုဖြစ်တဲ့ SBS ကတော့ COVID-19 ဖြစ်ပွားမှုကြောင့် ဆိုးလ်မြို့မှာရှိတဲ့ သူတို့ရဲ့ အဆောက်အဦတခုကို ပိတ်လိုက်ရတယ်လို့ သိရပါတယ်။ ဆိုးလ်မြို့၊ အနောက် မြောက်ဘက်မှာရှိတဲ့ SBS Prism Tower က ကလေးစောင့်ရှောက်ရေးစင်တာရဲ့ ဆရာတဦးဆီမှာ ဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိရတာကြောင့် အဲ့ဒီအဆောက်အဦကို ပိတ်လိုက်ရတာလို့ သိရပါတယ်။
အဲ့ဒီနေရာမှာ ရှိနေခဲ့တဲ့ကြတဲ့ လူတွေအားလုံးကိုလည်း သီးခြား ခွဲနေခိုင်းထားပြီး ဗိုင်းရပ်စ်ပိုး ရှိ၊ မရှိစစ်ဆေးမယ်လို့ သိရပါတယ်။ ဒါပေမဲ့ SBS ကတော့ သူတို့ရဲ့ အဓိက စတူဒီယိုတွေဟာ ဆိုးလ်မြို့၊ အနောက်ဘက်က Mokdong အရပ်မှာ ရှိတာကြောင့် ပုံမှန် ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေအပေါ် ထိခိုက်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် KBS ရုပ်သံကနေ ထုတ်လွှင့်နေတဲ့ “To All The Guys Who Loved Me” ဒရာမာထဲက ဇာတ်ရံ တဦးဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတာကြောင့် သြဂုတ်လ ၁၉ ရက်နေ့မှာပဲ ရိုက်ကူးရေးတွေကို ရပ်နားလိုက်ရပါတယ်။
အဲ့ဒီ ရိုက်ကူးရေးမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေ အားလုံးကို သီးခြားခွဲထားပြီး ဆေးစစ်မယ်လို့ KBS က ဆိုပါတယ်။ အဓိကမင်းသမီး Hwang Jung-eum ကတော့ လူနာဖြစ်သူနဲ့ ထိတွေ့မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ အပိုင်း ၂ ပိုင်းသာ ထုတ်လွှင့်ဖို့ကျန်တော့တဲ့ အဲ့ဒီစီးရီး ထုတ်လွှင့်မယ့်အချိန်ကို ပြန်လည် ချိန်ညှိနေတယ်လို့လည်း သိရပါတယ်။
သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Kim Won-hae နဲ့ Heo Dong-won တို့ဟာလည်း COVID-19 ရောဂါ ကူးစက်ခံခဲ့ရတယ်လို့ သူတို့ရဲ့ အေဂျင်စီတွေက အတည်ပြုပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ မန်နေဂျာတွေကတော့ ပိုးမတွေ့ အဖြေထွက်တယ်လို့ သိရပါတယ်။
ဒါ့အပြင် “Just Comedy” အစီအစဉ်မှာ ပါဝင်နေတဲ့ မင်းသား Oh Man-seok ဟာလည်း ရောဂါပိုးတွေ့ရှိထားသူနဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် ဆေးစစ်မှုအဖြေကို စောင့်ဆိုင်းနေရတယ်လို့လည်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၁၅၀၀ ကျော်ရှိခဲ့ပြီး အများစုဟာ ဘုရားကျောင်းစုဝေးမှုတွေနဲ့ ဆက်စပ်တဲ့ လူအစုလိုက် ကူးစက်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။
Ref: Yonhap
You may also like these stories:
Netflix ရဲ့မှတ်တမ်းစီးရီးကြောင့် နာမည်ကြီးလာတဲ့ “Tiger King” တိရစ္ဆာန်ရုံ ပိတ်လိုက်ရ
ဖခင်ရဲ့ အုပ်ထိန်းမှုအောက်က ကင်းလွတ်ဖို့ ကြိုးစားနေတဲ့ Britney Spears
ကိုရီးယားရဲ့ ပထမဆုံး အာကာသရုပ်ရှင် “Space Sweepers” ကို မိတ်ဆက်