Entertainment

“ကိုဗစ်က လျှော့တွက်လို့ မရဘူး၊ အားလုံး Mask တပ်ကြပါ”လို့ ထွန်းကိုကို ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ ငြိမ်သက်နေရာကနေ ပြန်လည် လှုပ်ခတ်စ ပြုလာတဲ့အပေါ် သရုပ်ဆောင် ထွန်းကိုကိုက အားလုံးပဲ အပြင်ထွက်တဲ့အခါတိုင်း Mask တပ်ကြဖို့၊ ဂရုစိုက်ကြဖို့ အခုလိုပဲ ပြောပါတယ်။

“ကိုဗစ်ကတော့ အရင်ကတည်းက ကျနော် ပြောသလိုပဲ။ သူက မူရာမာယာ များတယ်။ သူ့ကို လျှော့တွက်လို့တော့ မရဘူး။ အကုန်လုံးက အရင်တိုင်းပဲ ဆက်လက် ထိန်းသိမ်းစေချင်တယ်။ အပြင်သွားရင် Mask တပ်မယ်၊ လက်ဆေးမယ်။ အရမ်းခဲယဉ်းတာ မဟုတ်တော့ဘူး။ ကျနော်တို့တောင် အပြင်ထွက်ရင် Mask မတပ်ရရင် မနေတတ်တဲ့ ပုံစံမျိုးဖြစ်နေပြီ”

“လူစုလူဝေးများတဲ့ နေရာ မသွားနဲ့။ ဘတ်စ်ကား စီးပြီးရင်လည်း Hand gel သုံးပါ။ တတ်နိုင်ရင်တော့ အပြင်မထွက်တာ အကောင်းဆုံးပေါ့။ ထွက်ရမယ်ဆိုရင်လည်း ဆောင်ရန် ရှောင်ရန်တွေ လုပ်ပြီး သွားမယ်ဆိုရင် အကောင်းဆုံးပေါ့”လို့ ထွန်းကိုကိုက ပြောပါတယ်။

ဆက်လက်ပြီး ထွန်းကိုကိုက လက်ရှိမှာ Mask မတပ်ဘဲ အပြင်သွားနေကြသူများကိုလည်း မပေါ့ဆသင့်ဘူးလို့ ဆိုပါတယ်။

“အဲ့ဒါလေးတွေ ဆက်ထိန်းသိမ်းစေချင်တယ်။ အပြင်သွားလို့ ကြည့်လိုက်ပြီဆိုရင် တော်တော်များများ Mask မတပ်ဘဲ ပေါ့သွားတာ တွေ့တယ်။ မဖြစ်လောက်တော့ဘူးပဲ ထင်နေကြတယ်။ ပေါ့သွားကြတယ်။ မဖြစ်လောက်တော့ပါဘူး ထင်နေကြတယ်။ ပြောလို့ မရတဲ့အရာတွေက ရှိနေတဲ့အတွက် ပြောလို့ မရဘူး ဖြစ်လာနိုင်တယ်”

“မပေါ့ဆပါနဲ့။ Mask မတပ်ဘဲ လူအုပ်ထဲသွားရင် အရင်ကထက် ထိန်းချုပ်ရ ပိုခက်သွားမယ်လို့ ကျနော် ထင်တယ်။ လူတိုင်း Mask တပ်ပါ”လို့ ထွန်းကိုကိုက ပြောပါတယ်။

ထွန်းကိုကို ကိုယ်တိုင်ကလည်း ကိုဗစ်ကာလမှာ ပရဟိတ အလုပ်တွေ လုပ်ကိုင်နေသူ ဖြစ်တဲ့အတွက် ကိုယ်တိုင်လည်း စနစ်တကျ PPE ဝတ်ဆင်ကာ လုပ်ကိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ပြည်တော်ပြန်တွေကို လေဆိပ်ကနေ သွားသယ်တာတို့၊ ရထားဘူတာကနေ သွားသယ်ပြီး Quarantine ထားရတဲ့သူတွေ လည်းရှိတယ်။ ကျနော်တို့က စနစ်တကျ PPE ဝတ်ထားတယ်။ ကားပေါ် တန်းတက်ခိုင်းပြီး ကွာရန်တင်း စင်တာ ပို့တယ်။ ပို့ပြီးတာနဲ့ ကျနော်တို့ စနစ်တကျ ပိုးသတ်ကြတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးရုံးတွေ သူတို့ စနစ်တကျ လုပ်စေချင်တယ်။ တချို့က အလုပ်များတော့ ကိုယ့်ကိုယ်ကိုယ် ကာဗာဖြစ်အောင် မလုပ်နိုင်ဘူး”

“အားနည်းချက်လေးတွေလည်း ရှိတယ်။ အဲ့ဒါလေးတော့ သေချာ ကြပ်ကြပ်မတ်မတ် လုပ်စေချင်တယ်။ သူတို့ ကိုယ်တိုင်က စနစ်တကျ လုပ်မှပဲ ကျန်တဲ့သူတွေက လုပ်မှာပေါ့။ သူတို့တောင် မဝတ်ထားဘူးပဲ။ ငါတို့လည်း မဝတ်ရတာပဲ စိတ်ဖြစ်သွားမှာတော့ စိုးတယ်”လို့ ထွန်းကိုကိုက ပြောပါတယ်။

ဆက်ပြီး “အဲ့ဒါကြောင့် မပေါ့ဆပါနဲ့။ စနစ်တကျလေး စည်းကမ်းလိုက်နာပါလို့ ပြောချင်တယ်။ ကျနော်တို့ ရိုက်ကူးရေးတွေလည်း စနေပြီ။ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်တဲ့ စည်းကမ်းအတိုင်း လိုက်နာလုပ်ဆောင်နေပါတယ်”လို့ ထွန်းကိုကိုက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၄၀၉ ဦး တွေ့ရှိထားပြီး သြဂုတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ ရောဂါပိုးကင်းစင်လာသူ ၃၃၃ ဦး၊ သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

You may also like these stories:

“ရခဲ့သမျှ အရာရာ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မှုံနံ့သာကျော်ရဲအောင်

ကျောက်ကပ် ခွဲစိတ်ဖို့ လိုအပ်နေတဲ့ ကလေးအတွက် ကြိုးပမ်းနေတဲ့ မရှင်ငြိမ်းမယ်

“မိုးအောင်ရင် အမှုကို တရားရေးက မှန်မှန်ကန်ကန် ဆုံးဖြတ်မယ်လို့ ယုံကြည်တယ်”

Did you find apk for android? You can find new Free Android Games and apps.
Loading