စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေဆို ရန်ကုန်မြို့၊ မြေနီကုန်း ခုံးတံတားအောက်နဲ့ လှည်းတန်း လူကူး ခုံးတံတားပေါ်တို့မှာ ကိုယ်တိုင် ဂစ်တာတီးရင်း သီချင်းတွေ သီဆိုဖျော်ဖြေလေ့ရှိတဲ့ လူငယ် တယောက် ရှိပါတယ်။ သူကတော့ ဂီတကို ဝါသနာပါလို့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီးပြီး သီချင်းတွေဆိုတဲ့ ရိုးရိုးမြင့်ဆွေပါ။
ရိုးရိုးမြင့်ဆွေကတော့ The Messenger Band ရဲ့ Leader တဦးဖြစ်ပြီး ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ စီပွားဆိုတဲ့ ရွာလေးကနေ ရန်ကုန်ကို ရောက်လာခဲ့သူပါ။ ကိုယ်ပိုင်သီချင်းခွေ ထုတ်ချင်တာကြောင့် ရန်ကုန်ကို ရောက်လာခဲ့တာလို့လည်း သူက ဆိုပါတယ်။
လက်ရှိမှာတော့ ညနေဘက် Harry’s Bar တွေမှာ The Messenger Band နဲ့ အတူ သီချင်းတွေ ဖျော်ဖြေရင်း အသက်မွေးဝမ်းကျောင်း ပြုနေပါတယ်။ ဒါ့အပြင် ရိုးရိုးမြင့်ဆွေကို နောက်ထပ် ထူးခြားမှုနဲ့ လူသိများတာက Busking ပါ။ Busking လုပ်တာဟာ Street Performance တခုဖြစ်ပြီး အများပြည်သူ ရှိရာ နေရာများမှာ ကိုယ်တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေတာပါ။
“အမေ့ဆေးဖိုး” ဆိုတဲ့ ခေါင်းစဉ်နဲ့ တဖက်တလမ်းကနေ ကိုယ်ကျွမ်းကျင်တဲ့ ဂီတ အနုပညာနဲ့ လမ်းမထက်မှာ သီချင်းတွေ တီးခတ် သီဆို ဖျော်ဖြေရင်း မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့ ဆေးဖိုး ရှာပေးနေသူ ဖြစ်ပါတယ်။
“Busking လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အမေ့ ကျန်းမာရေးကြောင့်ပေါ့။ အမေက ကျောက်ကပ်နဲ့ပတ်သက်ပြီး ဆေးကုနေရတယ်။ နောက်တခုက ကိုဗစ်ကာလမှာ ဖျော်ဖြေကဏ္ဍက အားလုံး နားလိုက်ရတာဆိုတော့ ဘယ်သူမှ အလုပ် မရှိဘူး။ အဲ့အခါကျတော့ Public မှာ ကျနော့်သီချင်းတွေကို ကျနော်ဆိုခွင့်ရတယ်။ အလုပ်လည်းရ၊ အမေ့အတွက်လည်း ဆေးဖိုးရတယ်”လို့ ရိုးရိုးမြင့်ဆွေက ဧရာဝတီကို ပြောပါတယ်။
မိခင်ဖြစ်သူဟာ ကျောက်ကပ်ရောဂါကြောင့် မန္တလေးမှာ ၂ လကြာ ဆေးကုသမှုခံယူခဲ့ပြီးနောက် ရန်ကုန်ကို ရောက်လာကာ ဆေးကုသမှု ခံယူနေပြီ ဖြစ်ပါတယ်။
“အရင်ဆေးရုံတက်စကတော့ အော်နေ ညည်းနေရတာပေါ့။ ဆီးပိုက်တွေ ခါးပိုက်တွေ လုပ်ပြီးမှ သက်သာသွားတာ။ အခုကတော့ ခါးနာတာပဲ။ ဆရာဝန်က ၁ လ ဆေးစားခိုင်းထားပါတယ်။ ၁ လမှာ မသက်သာရင် ခွဲမယ်တဲ့။ အဲ့လိုတော့ ပြောတယ်။ အဲ့ ၁ လ မသက်သာရင် ခွဲစိတ်ဖို့ စီစဉ်ရမယ်”လို့ မိခင်ဖြစ်သူ ဒေါ်ချိုအေးက ပြောပါတယ်။
“သားကိုတော့ အမြဲတမ်းရင်ထဲမှာ ကျေးဇူးတင်လို့ မဆုံးပါဘူး။ သားလည်း သားအတွက် ဘေးပတ်ဝန်းကျင်တွေက ကူညီထောက်ပံ့တဲ့ အသိမိတ်ဆွေတွေ အားလုံးကို ကိုယ့်မိသားစုဝင်တွေလိုပဲ ဆုတောင်းမေတ္တာ ပို့ပါတယ်။ ဟိုတခါ ကားတိုက်တယ်ဆိုတော့ စိတ်ထဲက မကောင်းဘူး”
“ငါ့သားလေး မသေကောင်းမပျောက်ကောင်း ဘယ်လိုများဖြစ်သွားတာလဲ။ သူ သီချင်းတွေဆိုရင် မျက်ရည်ကျတယ်။ သားလေးက အမေ့အတွက်ကို လုပ်နေရတာပဲ။ ဒါပေမဲ့ မျက်ရည်ကို သိမ်းပြီးတော့မှ သားလေးကို ဂုဏ်ပဲ ယူလိုက်ပါတော့မယ်”လို့ ဒေါ်ချိုအေးက စိတ်မကောင်းစွာနဲ့ ဆိုပါတယ်။
ရိုးရိုးမြင့်ဆွေက လမ်းပေါ်မှာ ဖျော်ဖြေတင်ဆက်မှုတွေ မလုပ်ခင်အချိန်က စက်ဘီးတစီးနဲ့ Delivery ပို့တဲ့ အလုပ်ကို လုပ်ကိုင်ခဲ့ပြီး မကြာသေးခင် လပိုင်းကတော့ ကားမတော်တဆမှု ဖြစ်ခဲ့တာကြောင့် မိခင်ဖြစ်သူ စိုးရိမ်နေရမှာဖြစ်တာကြောင့် နားလိုက်ပြီလို့လည်း ဆိုပါတယ်။
“Busking မလုပ်ခင်က Delivery လိုက်ပို့တယ်။ Freelance ပေါ့။ ကုမ္ပဏီတွေတော့ မဝင်ဘူးပေါ့။ ကိုယ့်ဘာသာကိုယ်ပဲ အွန်လိုင်းက ရောင်းတဲ့သူတွေနဲ့ ချိတ်ဆက်တယ်။ Group တွေ ရှိတာကို Join တယ်။ ပြီးတော့ Social network မှာ တင်ပြီးတော့ ဖောက်သည် ရှာတယ်ပေါ့။ Delivery ပို့တယ်။ ဒါကလည်း အမေ့ကြောင့်ပဲပေါ့”
“အမေ့ကျန်းမာရေးကြောင့် ကျနော် ပိုက်ဆံလိုတယ်။ အဲဒါကြောင့် လိုက်ပို့တယ်။ Delivery ပို့ရင်းနဲ့ ကားတိုက်ခံရတယ်။ ကံကောင်းလို့ မသေတာပေါ့။ မတော်တဆဖြစ်တာပဲပေါ့။ ကျနော်လည်း စိတ်နဲ့လူနဲ့ မကပ်တဲ့အချိန် သူတို့လည်း မမြင်လိုက်တဲ့အချိန် ဖြစ်မှာပါ။ အမုန်းစကားတွေ ဖြစ်မှာစိုးလို့ မပြောချင်တော့ပါဘူး” လို့ ရိုးရိုးမြင့်ဆွေက ပြောပါတယ်။
Busking အလုပ်ကိုတော့ စနေနေ့မှာ လှည်းတန်းခုံးတံတားအောက်နဲ့ တနင်္ဂနွေနေ့မှာတော့ မြေနီကုန်းခုံးတံတားအောက်တွေမှာ ညနေ ၃ နာရီမှ ၄ နာရီထိ ၁ နာရီကြာ ဖျော်ဖြေလေ့ ရှိပါတယ်။
“Busking လုပ်လို့ရတဲ့ ဝင်ငွေကတော့ တော်တော် အဆင်ပြေပါတယ်။ ဘယ်လောက် အထောက်အပံ့ဖြစ်လဲဆိုရင် အမေ့ကို ဆေးဖိုးလည်း ကောင်းကောင်း ထောက်ပံ့ပေးနိုင်ခဲ့တယ်။ စားဝတ်နေရေးအတွက်ရော၊ အမေ့ရဲ့ဆေးဖိုးအတွက်ရော၊ ကျနော့်ရဲ့ အနုပညာအရရော အများကြီး အထောက်အကူ ဖြစ်ပါတယ်”လို့ ရိုးရိုးမြင့်ဆွေက ပြောပါတယ်။
ကိုဗစ်ကာလမှာ ဖျော်ဖြေရေးတွေ ရပ်နားထားရတဲ့အချိန် အခုလိုမျိုး လမ်းဘေးမှာ ဖျော်ဖြေခွင့်ရတာ နည်းတဲ့ ကုသိုလ်ကံ မဟုတ်တာကြောင့် ဝင်ငွေလည်းရသလို ပျော်လည်းပျော်ရတယ်လို့ ဆိုပါတယ်။ လမ်းဘေးမှာ ဖျော်ဖြေနေတဲ့အပေါ် လူတွေရဲ့ သဘောထားအမြင်အပေါ်လည်း အခုလို ပြောပါတယ်။
“လူတွေရဲ့အမြင်ကတော့ သူတို့ရဲ့ဉာဏ်ရည်ပေါ် မူတည်ပြီးတော့ ကွဲသွားမှာပေါ့။ တချို့က Busking လုပ်တာကို သိတယ်။ တချို့ကလည်း ဒီကောင် လုပ်စားတယ်၊ တောင်းစားတယ်။ လမ်းဘေးမှာ သီချင်းဆိုတယ်။ ဒီလောက်ပါပဲ။ သူတို့ရဲ့ဉာဏ်ရည်ပေါ် မူတည်ပြီးတော့ မြင်မှာပေါ့။ ဒါဂရုစိုက်စရာတော့ မလိုပါဘူး” လို့ သူက ပြောပါတယ်။
သူတယောက်တည်းရဲ့ ရပ်တည်မှုနဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးဟာ အခုလို ကောင်းမွန်လာနိုင်မှာ မဟုတ်ဘဲ တနိုင်ငံလုံးက အလှူရှင်တွေကြောင့်နဲ့ နိုင်ငံခြားမှ အလှူရှင်တချို့ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျနော့် တယောက်တည်း ရပ်တည်ပုံမျိုးနဲ့ဆို အမေ အခုလိုမျိုး ကောင်းကောင်း သက်သာလာမှာမဟုတ်ဘူး။ တနိုင်ငံလုံးက အလှူရှင်တချို့ဆိုရင်လည်း တကူးတက ဖုန်းဆက်ပြီး အမေ့အတွက် ဆေးဖိုးဆိုပြီး လှူပေးတာတွေ ရှိတယ်။ တနိုင်ငံလုံးနီးပါးပါပဲ။ တချို့ဆို နိုင်ငံခြားကလူတွေလည်း ပါတယ်။ သူတို့ကိုလည်း ကျန်းမာချမ်းသာပါစေပေါ့။ အဓိကက ကျန်းမာဖို့ပဲ။ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပါတယ်” လို့ ရိုးရိုးမြင့်ဆွေက ပြောပါတယ်။
ရိုးရိုးမြင့်ဆွေအနေနဲ့ အခုအချိန်မှာ ဂီတနဲ့ရပ်တည်နေတဲ့သူ ဖြစ်နေပေမယ့် စီးပွားရေးလုပ်ငန်းအနေနဲ့ ဝိုင်စက်ရုံ ထောင်ချင်ပြီး ကိုယ်ပိုင် Brand နဲ့အတူ သက်တမ်းရင့် ဝိုင်များ၊ အရက်များကို ထုတ်လုပ်ချင်တယ်လို့လည်း ဆိုပါတယ်။ ။