ကိုဗစ်ကာလမှာ ဇာတ်ကား ရိုက်ကူးရေးတွေ ရပ်နားထားရပြီး ဇာတ်ကားတွေ ပြန်ရိုက်တဲ့အချိန်မှာ အဖွဲ့သားတွေနဲ့ တွေ့ရတာ ပျော်တယ်လို့ သရုပ်ဆောင် ဆုပန်ထွာက ပြောပါတယ်။
“ဇာတ်ကားတွေ ပြန်ရိုက်ရတော့ အဖွဲ့သားတွေနဲ့ တွေ့ရပြီး ပျော်တာပေါ့။ အခက်အခဲက ဘာတွေ ရှိလဲဆို ကိုဗစ် မတိုင်ခင်က ရိုက်ထားတာတွေ ရှိတော့ ဘယ်အခန်းမှာ ဘာတွေ ရိုက်ပြီးပြီလဲ၊ ဘာတွေ ဝတ်ထားလဲ မမှတ်မိတော့ဘူး။ အခက်အခဲက အဲ့ဒါပဲ ရှိတယ်။ ကျန်တာတော့ ဘာမှ သိပ်မရှိဘူး။ အနုပညာသမားတွေက အနုပညာ လုပ်ရရင် ပျော်နေတာပေါ့။ အဲ့ခံစားမှုကတော့ ဘာနဲ့မှ လဲလို့ မရဘူး” လို့ ဆုပန်ထွာက ပြောပါတယ်။
ဆုပန်ထွာက လတ်တလောမှာတော့ “ရခဲ့သမျှ အရာရာ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်နေပြီး ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် သတိထားရတယ်လို့ ဆိုပါတယ်။
“အနုပညာတွေ လုပ်ပြခွင့်ရတာ ဘဝမှာ နေလို့ အကောင်းဆုံး အချိန်ပေါ့။ “ရခဲ့သမျှ အရာရာ” ကားလေး ပြီးရင် Media 7 က ရိုက်မယ့် ကားလေး ရှိတယ်။ ဒီကားပြီးမှ ရိုက်ဖြစ်မယ်။ ဇာတ်လမ်းတွဲတွေ ဖြစ်တော့ သတိထားရတယ်။ ဗီဒီယို တကား ရိုက်သလို ၇ ရက်၊ ၁၀ ရက်နဲ့ ပြီးတာမျိုး မဟုတ်ဘူးလေ။ ရှေ့ဆင်းန်၊ နောက်ဆင်းန်တွေ ချိန်ရတယ်။ ဇာတ်လမ်းတွဲက နည်းနည်းခက်တယ်”လို့ ဆုပန်ထွာက ပြောပါတယ်။
“ရခဲ့သမျှ အရာရာ” ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ ကာရိုက်တာ အကြောင်းကိုလည်း ဆုပန်ထွာက အခုလို ဆိုပါတယ်။
“ရခဲ့သမျှ အရာရာ ကားထဲက ကာရိုက်တာကတော့ နန်းမို၊ နန်းမိုက ကာရိုက်တာလေးကို ကြိုက်လို့ ရိုက်ဖြစ်တယ်။ လုပ်ကွက် ရှိတယ်။ ဇာတ် အစကနေအဆုံး ပါရတယ်။ ကိုယ်လုပ်ရတဲ့ ကာရိုက်တာဟာ ပေါ့လို့ မရတဲ့ ကာရိုက်တာ၊ နန်းမို ကာရိုက်တာအတွက် အငယ်ခန်းမှာ ဆံပင်တိုလေး အတု တပ်လိုက်တယ်။ တကယ်တမ်း အိုက်တင် လုပ်ရတာတော့ မလွတ်လပ်ဘူး”
“အကြီးခန်းအတွက် ဆရာဝန်၊ ကလေးတယောက် အမေဆိုတော့ လိုက်ဖက်အောင် ဝတ်ရတယ်။ ကာရိုက်တာ အငယ်ပိုင်းနဲ့ အကြီးပိုင်း ကွဲထွက်သွားအောင်တော့ စဉ်းစားတယ်”လို့ ဆုပန်ထွာက ပြောပါတယ်။
“ရခဲ့သမျှ အရာရာ” ဇာတ်လမ်းတွဲကိုတော့ “မဟာ Application” နဲ့ ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်း တင်ဆက်တာဖြစ်ပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ရိုက်ကူးပုံဖော်နေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်များအနေနဲ့ ထွန်းကိုကို၊ ကောင်းပြည့်၊ သက်မွန်မြင့်၊ ဆုပန်ထွာ၊ ပွင့်နဒီမောင်၊ မှုံနံသာကျော်ရဲအောင်နဲ့ အနုပညာရှင်များစွာ ပါဝင်ထားပါတယ်။
You may also like these stories:
ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ