အမေရိကန်နိုင်ငံမှာ ရုပ်ရှင်ရုံတွေကို လနဲ့ချီ ပိတ်ထားခဲ့ပြီးတဲ့နောက် အခုတော့ ကပ်ရောဂါ မဖြစ်ခင် ကာလမှာ ရရှိခဲ့တဲ့ ဝင်ငွေထက်ပိုများတဲ့ ဝင်ငွေရရှိခဲ့တဲ့ ရုပ်ရှင်ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဖလော်ရီဒါ၊ တက္ကဆက်၊ ဂျော်ဂျီယာနဲ့ တခြားပြည်နယ်တချို့မှာရှိတဲ့ ရုပ်ရှင်ရုံတွေကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး မင်းသား Russell Crowe ပါဝင်ထားတဲ့ “Unhinged” ရုပ်ရှင်ကို စတင်ပြသခဲ့ပါတယ်။
အဲ့ဒီ ရုပ်ရှင်ကို မြောက်အမေရိက ဒေသမှာရှိတဲ့ နေရာပေါင်း ၁၈၀၀ ကျော်မှာ ပြသခဲ့တာဖြစ်ပြီး ကပ်ရောဂါ စဖြစ်ချိန်ကတည်းက ဆိုရင် နေရာအများဆုံးမှာ ပြသမှုလည်း ဖြစ်ပါတယ်။ “Unhinged” ရုပ်ရှင်ဟာ စိန်ခေါ်မှုများတဲ့ အခုလိုကာလရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ဝင်ငွေ ဒေါ်လာ ၄ သန်း ရခဲ့တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ၊ နယူးယောက်၊ ကယ်လီဖိုးနီးယားနဲ့ နယူးဂျာစီပြည်နယ်တို့မှာ ရှိတဲ့ ရုပ်ရှင်တွေကိုတော့ ပိတ်ထားဆဲဖြစ်ပြီး ဘယ်နေ့ ပြန်ဖွင့်မယ်ဆိုတာကိုလည်း မသိရသေးပါဘူး။ ရုပ်ရှင်ရုံတွေ အနေနဲ့ကလည်း လာရောက်ကြည့်ရှုတဲ့ ပရိသတ်တွေ ဘေးကင်းတယ်ဆိုတာကို ခံစားရစေဖို့ တိကျပြီး ကုန်ကျစရိတ်များတဲ့ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်ထားရပါတယ်။
ရုပ်ရှင်ရုံထဲက ထိုင်ခုံတွေကြားမှာ နေရာလွတ်ထားတာ၊ ရုပ်ရှင်ပွဲစဉ်တခုရဲ့ လက်မှတ် အရေအတွက်ကို ကန့်သတ်တာနဲ့ လူအချင်းချင်း တွေ့မှုကို လျှော့ချဖို့ အွန်လိုင်းကနေ လက်မှတ်ဝယ်ရေး လူတွေကို တိုက်တွန်းတာမျိုးလည်း လုပ်ဆောင်လာကြပါတယ်။
လက်သန့်ဆေးရည်တွေကို အလွယ်တကူ ရရှိ သုံးစွဲနိုင်အောင် ပြင်ဆင်တာနဲ့ ရုပ်ရှင်ရုံတွေကို ပုံမှန်သန့်ရှင်းရေးလုပ်တာမျိုးလည်း လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရုံ ကြီးကြပ်ရေးမှူးတွေဟာလည်း နှာခေါင်းစည်းတပ်ဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
“Unhinged” ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကတော့ မြောက်အမေရိက ဒေသတခွင်မှာ ပြသပြီးရင်တော့ ဝင်ငွေ စုစုပေါင်း ဒေါ်လာ သန်း ၃၀ ရရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ အဲ့ဒီရုပ်ရှင်ရဲ့ ထုတ်လုပ်ကုန်ကျစရိတ်ဟာ ဒေါ်လာ ၃၃ သန်းရှိတယ်လို့လည်း ဆိုပါတယ်။ ကနေဒါနိုင်ငံမှာရှိတဲ့ရုပ်ရှင်ရုံ ၃၂၆ ခုမှာပြသခဲ့တဲ့ “The SpongeBob Movie: Sponge on the Run” ရုပ်ရှင်ကတော့ ဝင်ငွေဒေါ်လာ ၂ သန်းအထိ ရရှိထားပြီး ဖြစ်ပါတယ်။
အခုလိုမျိုး ရုပ်ရှင်ရုံတွေ ပြန်လည် ဖွင့်လှစ်မှုဟာ နိုင်ငံတွင်း ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာတဲ့ နိုင်ငံတွင်းက နေရာအချို့မှာတော့ နှောင့်နှေးခဲ့ပါတယ်။ ဒါပေမဲ့ Warner Bros. ကုမ္ပဏီကတော့ ဒါရိုက်တာ Christopher Nolan ရဲ့ “Tenet” ရုပ်ရှင်ကို စက်တင်ဘာလ ၃ ရက်နေ့မှာ ရုံတင်ဖို့ ရှိနေပါတယ်။ အဲ့ဒီရက် မတိုင်ခင်မှာတော့ Disney နဲ့ Fox တို့ရဲ့ စူပါဟီးရိုးရုပ်ရှင် “The New Mutants” ရုံတင်ဖို့ ရှိနေပါတယ်။
Ref: Reuters
You may also like these stories:
007 ပရိသတ်တွေကို Aston Martin ကနေ အကန့်အသတ်နဲ့ ရောင်းချပေးမယ့် စူပါကား
တောင်ကိုရီးယားမှာ ကိုဗစ်ကြောင့် ရိုက်ကူးရေးနဲ့ ထုတ်လွှင့်မှုအချို့ ရပ်ဆိုင်း
နာမည်ကျော် “Supernatural” စီးရီးကို အောက်တိုဘာလတွင် အဆုံးသတ်မည်