တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှုတွေ တကျော့ပြန် မြင့်တက်လာတဲ့အတွက် ရုပ်သံ စတူဒီယိုနဲ့ ထုတ်လွှင့်ရေး လုပ်ငန်းတွေဟာ သြဂုတ်လ ၂၄ ရက်နေ့ကစလို့ ရုပ်သံစီးရီးနဲ့ အစီအစဉ် ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။ ဖျော်ဖြေရေးကုမ္ပဏီ CJ ENM က ပိုင်ဆိုင်တဲ့ ဒရာမာ ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Studio Dragon က ဒရာမာ ရိုက်ကူးရေးတွေကို ရပ်နားခဲ့ပြီး ဖြစ်ပါတယ်။
သြဂုတ်လ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ စတူဒီယိုရဲ့ ကြေညာချက်ထဲမှာ “ထုတ်လုပ်ရေး ဝန်ထမ်းတွေနဲ့ ပါဝင်တဲ့ သရုပ်ဆောင်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် သြဂုတ်လ ၂၄ ရက်နေ့ကနေ ၃၁ ရက်နေ့အထိ အစီအစဉ်တွေ အားလုံး ရိုက်ကူးမှုကို ရပ်နားလိုက်ပါတယ်။ အဲ့ဒီရပ်နားမှုကြောင့် ဒရာမာတော်တော်များများအပေါ် သက်ရောက်မှု ရှိမှာဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။
tvN ရုပ်သံရဲ့ “The Flower of Evil” စီးရီးနဲ့ OCN ရဲ့ “Missing: The Other Side” စီးရီးတွေကိုလည်း ယာယီ ရပ်နားထားလိုက်ပြီ ဖြစ်ပါတယ်။ မင်းသား လီဂျွန်ကီ ပါဝင်ထားတဲ့ “The Flower of Evil” စီးရီးရဲ့ အပိုင်း ၉ ကို လာမယ့် သြဂုတ်လ ၂၆ ရက်နေ့နဲ့ “Missing” ဒရာမာရဲ့ အပိုင်း ၁၀ ကို လာမယ့် သြဂုတ်လ ၂၉ ရက်နေ့တို့မှာ ပြသဖို့ ရှိနေပါတယ်။
သြဂုတ်လ ၁၅ ရက်နေ့ကစလို့ ထုတ်လွှင့်နေတဲ့ “Stranger” ဒရာမာရဲ့ ဒုတိယမြောက် Season နဲ့ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ စတင်ထုတ်လွှင့်မယ့် “Record of Youth” ဒရာမာကတော့ ရိုက်ကူးရေးတွေ လုံးဝ ပြီးစီးသွားခဲ့ပြီးဖြစ်လို့ စီစဉ်ထားတဲ့အတိုင်းပဲ ထုတ်လွှင့်မှာဖြစ်တယ်လို့ Studio Dragon က ဆိုပါတယ်။
“Hometown Flex” တို့လို ရသစုံအစီအစဉ်နဲ့ “M Countdown” လို ဂီတအစီအစဉ်ကတော့ အခုသီတင်းပတ်ကစလို့ သီတင်းတပတ်ကြာ ရပ်နားမှာဖြစ်တယ်လို့ ဆိုပါတယ်။
KBS ရုပ်သံကတော့ နောက်ထပ် COVID-19 ကူးစက်မှုတွေကို ကာကွယ်ဖို့ ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် သီတင်းတပတ်ကြာ ဒရာမာ ထုတ်လုပ်ရေး လုပ်ငန်းတွေကို ရပ်နားလိုက်ပါတယ်။ လာမယ့် သြဂုတ်လ ၂၆ ရက်နေ့မှာ စတင်ထုတ်လွှင့်ဖို့ရှိတဲ့ “Do Do Sol Sol La La Sol” ရိုးမန့်စ် ဒရာမာ စီးရီးအပါအဝင် စီးရီး ၅ ခုကိုလည်း ရိုက်ကူးရေး ရပ်နားထားခဲ့ပြီး ဖြစ်ပါတယ်။
တကယ်လို့ COVID-19 ကူးစက်မှုတွေ ဆက်ရှိနေဦးမယ် ဆိုရင်တော့ ထုတ်လုပ်ရေးလုပ်ငန်း ရပ်ဆိုင်းမှုကို သက်တမ်းထပ်တိုးမယ်လို့ KBS က ဆိုပါတယ်။ Netflix ကလည်း “Round Six” နဲ့ “All of Us Are Dead” တို့လို ဒရာမာထုတ်လုပ်ရေးတွေကို ရပ်နားခဲ့ပြီး ဖြစ်ပါတယ်။
“To All The Guys Who Loved Me” ဒရာမာထဲက ဇာတ်ရံ မင်းသားတယောက်ဟာ COVID-19 ကူးစက်ခံခဲ့ရတာကြောင့် ရိုက်ကူးရေးလုပ်ငန်းတွေကို ရပ်နားခဲ့ရပြီး ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းတပတ်အတွင်း တနေ့ကို ကူးစက်ခံရသူ ၃၀၀ ဝန်းကျင် ရှိနေပြီး အများစုကတော့ ဘုရားကျောင်းတွေနဲ့ ဆက်စပ်တဲ့ လူအစုလိုက် ကူးစက်ခံခဲ့ရသူတွေ ဖြစ်ပါတယ်။
Ref:yonhap
You may also like these stories:
အမေရိကန်နိုင်ငံမှာ “Unhinged” ရုပ်ရှင်ဖြင့် ရုပ်ရှင်ရုံများကို ပြန်ဖွင့်လှစ်
007 ပရိသတ်တွေကို Aston Martin ကနေ အကန့်အသတ်နဲ့ ရောင်းချပေးမယ့် စူပါကား
တောင်ကိုရီးယားမှာ ကိုဗစ်ကြောင့် ရိုက်ကူးရေးနဲ့ ထုတ်လွှင့်မှုအချို့ ရပ်ဆိုင်း