လင်မယားချင်း စကားများရာကနေ အိပ်ပျော်နေစဉ်မှာ ဇနီးဖြစ်သူရဲ့ ရေနွေးပူ လောင်းချခြင်းကို ခံခဲ့ရတဲ့ လူရွှင်တော် တော့ပ်ဟာ ရေနွေးပူလောင် ဒဏ်ရာများကြောင့် ဆေးရုံတက်ခဲ့ရပြီးနောက် သြဂုတ်လ ၂၂ရက်နေ့မှာပဲ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
“သြဂုတ်၂၂ ရက်နေ့က ခုတင် ၅၀၀ ဆေးရုံမှာ ဆုံးသွားတာပါ။ ရေနွေးပူလောင်ခံရတုန်းက သူ့မိန်းမက ဒီတိုင်းပစ်ထားတော့ ကျောက်ကပ်တွေ နှလုံးတွေက မကောင်းဘူးပေါ့။ ရေနွေးပူလောင်တဲ့ ဒဏ်ရာတွေက သက်သာပေမယ့် ခါးအောက်ပိုင်းက ပုပ်သွားတာ”
“အပူဒဏ်ကြောင့် ကျောက်ကပ် ပျက်စီးတာ။ အရင် ရေနွေး ပူမလောင်ခင်တုန်းက ဘာရောဂါမှ မရှိဘူး။ သူ့အမျိုးသမီးကိုတော့ တရားစွဲထားတယ်။ ရုံးချိန်း တခါ ခေါ်ပြီးပြီ။ အမှုကတော့ ရင်ဆိုင်နေပါတယ်”လို့ လူရွှင်တော် တော့ပ်ရဲ့ ညီဝမ်းကွဲဖြစ်သူ ကိုရန်လင်းထက်က ဧရာဝတီကို ပြောပါတယ်။
လူရွှင်တော် တော့ပ်ရဲ့ အသုဘကို လာရောက် ပို့ဆောင်သူ နည်းပါးခဲ့ပြီး အဲဒီအပေါ်မှာလည် စိတ်မကောင်းဖြစ်ရတယ်လို့ ကိုရန်လင်းထက်က ဆိုပါတယ်။
“အသုဘချတော့ လူနည်းတာ စိတ်တော့ မကောင်းဘူး။ ကိုတော့ပ် ဆုံးတော့မယ် ဆိုတာ သိပေမယ့် ကျနော်တို့ကလည်း ညောင်လေးပင်က လာရမှာဆိုတော့ ကားတွေကလည်း အဆင်မပြေဘူး။ ဆုံးတဲ့နေ့ လိုက်လာမယ်ဆိုတော့လည်း ၂ ရက်တည်းနဲ့ ချလိုက်တော့ ရက်လည်မှပဲ ရောက်ဖြစ်တယ်။ ရက်လည်တော့ သုံးခွမှာပဲ ရက်လည်မှာပါ”
“နောင်ဘဝရှိခဲ့ရင် ဒီလို အဖြစ်မျိုးနဲ့ မကြုံပါစေနဲ့လို့တော့ ဆုတောင်းပေးပါတယ်။ ကိုတော့ပ်မှာ ကလေး ၃ ယောက် ရှိတယ်။ တယောက်က ရန်ကုန်မှာ အိမ်ထောင်ကျနေတယ်။ နောက် သားလေးနဲ့ သမီးလေးနဲ့ ရှိတယ်။ သူတို့ကိုတော့ ကိုတော့ပ် မိန်းမ အသိုင်းအဝိုင်းက စောင့်ရှောက်ပေးထားတယ်”လို့ ကိုရန်လင်းထက်က ပြောပါတယ်။
လူရွှင်တော် တော့ပ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင်၊ လူရွှင်တော် မော့စ်နဲ့ ရုပ်တူတဲ့ လူရွှင်တော် တဦးလည်း ဖြစ်ပါတယ်။ လူရွှင်တော် တော့ပ်ကို ကျန်းမာရေးမကောင်းဖြစ်ခဲ့စဉ်က အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်ကလည်း ကျန်းမာရေးထောက်ပံ့ငွေ လှူဒါန်းခဲ့ပါတယ်။
You may also like these stories:
လင်မယားချင်း စကားများပြီး ရေနွေးပူနဲ့ လောင်းခံခဲ့ရတဲ့ လူရွှင်တော် တော့ပ်