“မာမီကွတ် ရင်သွေးငယ်လေးများ ဂေဟာ”ကို တည်ထောင်ထားသူ မရှင်ငြိမ်းမယ်ရဲ့ အမျိုးသားဟာ ဒါရိုက်တာ လူမင်း ရိုက်ကူးမယ့် “အောင်ဆန်း” ရုပ်ရှင်မှာ ဗိုလ်ချုပ်နဲ့ ဆက်နွယ်ပတ်သက်ခဲ့သူ တဦးဖြစ်တဲ့ ဗြိတိသျှ စစ်သေနာပတိ ဗိုလ်ချုပ်ကြီး William Slim နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။
“အောင်ဆန်း” ရုပ်ရှင်မှာ ခင်ပွန်းဖြစ်သူ နိုင်ငံခြားသား Mariusz Pruski ပါဝင်ဖြစ်ပုံနဲ့ ပတ်သက်ပြီး မရှင်ငြိမ်းမယ်က ဧရာဝတီကို အခုလို ပြောပါတယ်။
“ကိုဗစ်ကာလလည်း ဖြစ်တယ်။ ကိုလူမင်းကလည်း အကူအညီ တောင်းတာပေါ့နော်။ တော်တော်လည်း တူတယ်။ ကိုလူမင်းနဲ့ ကျမက Facebook မှာ Friend ဆိုတော့ ကျမ အမျိုးသားကို တွေ့ပြီး မျက်စိကျသွားတာ။ Message ကနေ ညီမရေ William Slim နေရာမှာ အမျိုးသားကို အကူအညီ တောင်းချင်တယ်။ ကူညီပေးပါဆိုတော့ မဖြစ်နိုင်ဘူးပေါ့”
“သူက အရမ်းအေးတယ်။ တည်တည်အေးအေး နေတဲ့သူပေါ့။ ဓာတ်ပုံတွေ ဘာတွေ ရိုက်ပြီး Selfie တွေ ရိုက်တင်ဖို့တောင် သူတော်တော်လေး စိတ်ပျော်တဲ့ အချိန်မှသာ ရိုက်တာ” လို့ မရှင်ငြိမ်းမယ်က ပြောပါတယ်။
ကိုဗစ်ကာလဖြစ်တာကြောင့် နိုင်ငံခြားသား ရှာဖို့ မလွယ်ကူတဲ့အတွက် ဒါရိုက်တာဖြစ်သူ လူမင်းက အကူအညီ တောင်းလာတာကြောင့်လည်း အမျိုးသားဖြစ်သူကို စည်းရုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“အနေအေးပြီး ဓာတ်ပုံတောင် အရိုက်မခံတဲ့လူကို ကိုလူမင်းက ရုပ်ရှင်တခန်းလောက် ပေးရိုက်ပါဆိုတော့ အရမ်းကို အော်လိုက်တာ လုံးဝ မဖြစ်နိုင်ဘူးဆိုပြီး၊ ကိုလူမင်းကိုလည်း အရမ်းကူညီချင်တယ်”
“ဒါက နိုင်ငံမှတ်တမ်းပဲဆိုတော့ ကူညီပေးချင်တယ်။ ကိုဗစ်ကာလဆိုတော့ နိုင်ငံခြားသား ရှာဖို့ မလွယ်ဘူး။ ကိုလူမင်းတို့ကလည်း လိုတယ်ဆိုတော့ အတင်းပြောရတာပေါ့။ နည်းနည်းလေးလည်း စိတ်ကောက်ရတာပေါ့။ တော်တော်လေးလည်း သူ စဉ်းစားတယ်။ အဲဒါကြောင့် ကူညီပေးမယ်ဆိုပြီး လက်ခံလိုက်တာ။ လုပ်မယ်ဆိုလည်း သူတို့လူမျိုးက လုပ်ကို လုပ်ပေးရတာလေ” လို့ မရှင်ငြိမ်းမယ်က ပြောပါတယ်။
လက်ရှိမှာတော့ Makeup ပြင်ဆင်မှုများ ပြုလုပ်ခဲ့တာ အဆင်ပြေမှုရှိပြီး အမျိုးသား ကိုယ်တိုင်လည်း သူ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်အတွက် လေ့လာထားတယ်လို့ သိရပါတယ်။
“အခုသူက Makeup Test တွေရော အကုန်ကောင်းတယ်။ တူလည်း တူတယ်ပေါ့။ ဓာတ်ပုံလည်း ရိုက်ကြည့်ပြီးပြီဆိုတော့ အဆင်ပြေတယ်။ ရိုက်ဖို့ပဲ ကျန်တော့တာဆိုတော့ နည်းနည်းတော့ စိုးရိမ်တယ်။ ကျမ အမျိုးသားကကျတော့ အသံထွက်ကျတော့ အင်္ဂလိပ်အစစ်တွေလို အသံထွက် မကောင်းဘူး။ အသံက နည်းနည်းတိုးတယ်။ တကယ့် William Slim ကကျတော့ ဟိတ်နဲ့ မာန်နဲ့ ပြောရမှာ”
“သူက အိညှက်အိညှက် လုပ်နေရင် ဖြစ်ပါ့မလားပေါ့။ သူကတော့ သူသရုပ်ဆောင်ရမယ့် ကာရိုက်တာကို သေချာလေ့လာထားတယ်။ သရုပ်ဆောင် မဟုတ်တဲ့အတွက် စိုးရိမ်တယ်။ တခန်းတည်း ဆိုတော့ အေးအေးဆေးဆေး ပြီးသွားမယ် ထင်ပါတယ်” လို့ မရှင်ငြိမ်းမယ်က ပြောပါတယ်။
မရှင်ငြိမ်းမယ်နဲ့ သူ့ရဲ့အမျိုးသားဖြစ်သူ ပိုလန်နိုင်ငံသား Mariusz Pruski တို့ဟာ လက်တွဲလာခဲ့ကြတာ အခုဆိုရင် အိမ်ထောင်သက် ၄ နှစ်ခန့်ရှိပြီဖြစ်ပြီး မရှင်ငြိမ်းမယ်အတွက် အိမ်ထောင်ဖက်ကောင်းတယောက် ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
ကျောက်ကပ် ခွဲစိတ်ဖို့ လိုအပ်နေတဲ့ ကလေးအတွက် ကြိုးပမ်းနေတဲ့ မရှင်ငြိမ်းမယ်
ဂဠုန်ဦးစော နေရာ သရုပ်ဆောင်မယ့် ခင်ပွန်းကို ပံ့ပိုးပေးမယ့် ဆုပန်ထွာ