လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပရိသတ်တွေ သဘောကျ နှစ်သက်နေကြတဲ့ ဓာတ်ပုံများကို ရိုက်ဖြစ်ခဲ့တဲ့အကြောင်း လူကြမ်းသရုပ်ဆောင် မျိုးကြည်က အခုလိုပဲ ပြောပါတယ်။
“မထင်မှတ်ဘဲ ဖြစ်သွားတာပါ။ Metro Brothers ညီအစ်ကိုတွေက ဖုန်းလှမ်းဆက်ပြီးတော့ ဒါလေးရိုက်ချင်တယ်။ လုပ်မလားဆိုတော့ လုပ်ချင်လည်း လုပ်ဆိုပြီး သူတို့နဲ့ လုပ်ဖြစ်ခဲ့တာပါ။ ဒီလောက်ထိဖြစ်လိမ့်မယ်လို့လည်း စိတ်ထဲမှာ မရှိဘူး။ သူတို့လည်း မရှိဘူး။ အခုလို ရိုက်ပြီး လိုင်းပေါ်တင်လိုက်တဲ့အခါကျတော့ ပေါက်သွားတာ။ သူတို့လည်း အံ့သြနေတယ်။ မင်းတို့ရဲ့ ပထမဆုံးခြေလှမ်းမှာ ပေါက်သွားတော့ အကျိုးကျေးဇူးလည်း ရသွားတာပေါ့”လို့ လူကြမ်း မျိုးကြည်က ပြောပါတယ်။
လူကြမ်းသရုပ်ဆောင် မျိုးကြည်နဲ့ အရိုင်းမင်းတို့ကိုတော့ မီဒီယာတခုရဲ့အင်တာဗျူးမှ တဆင့် တွေ့ကာ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးများနဲ့ ဓာတ်ပုံ ရိုက်ကူးချင်တာဖြစ်တဲ့အတွက် ဆက်သွယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“မီဒီယာတခုမှာ တွေ့ပြီးတော့ ကြည့်တယ်လို့တော့ ပြောတယ်။ သူတို့ လိုချင်တဲ့ပုံစံက ဒီလိုပုံစံကို လိုချင်တယ်။ အဓိကကတော့ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးနဲ့ လိုချင်တယ်ပေါ့။ စိတ်ကူးရှိတဲ့ အချိန်မှာ မီဒီယာတခုက သတင်းတခုမှာ တွေ့လိုက်တယ်။ အဲဒါကို လိုက်တာ။ ဖုန်းနံပါတ် တောင်းပြီး ဆက်သွယ်ပြီး လုပ်ဖြစ်တာ” လို့ မျိုးကြည်က ပြောပါတယ်။
ဆက်လက်ပြီး “ဖုန်းကတော့ သူငယ်ချင်းတယောက်ဆီကနေ ပတ်သက်ရာ ပတ်သက်ကြောင်း တောင်းတယ်။ ပထမကတော့ သူငယ်ချင်းတွေ နောက်တယ် ထင်နေတာ။ မဖြစ်နိုင်ဘူးပေါ့။ မဂ္ဂဇင်းကာဗာ လုပ်ချင်တယ်ဆိုတော့ ဒါမဖြစ်နိုင်ဘူးပေါ့။ စကားတွေ ဘာတွေ ပြောပြီးတော့ ဒါဖြစ်နိုင်တယ်။ သူတို့ပေးလိုက်တဲ့ လိပ်စာကို သွားလိုက်တော့ ကျနော်တို့က ဒါကိုလုပ်ချင်တယ်”
“ကုန်ပစ္စည်းကြော်ငြာတာလည်း မဟုတ်ဘူးပေါ့။ ဓာတ်ပုံ သီးသန့်ပဲ ဆိုတော့။ အဝတ်အစားကတော့ ငါတို့မှာ မင်းတို့ လိုချင်တာတွေ မရှိဘူးဆိုတော့ သူတို့ အဝတ်အစား စီစဉ်ပေးတယ်။ အဲ့လိုနဲ့ ရိုက်ဖြစ်သွားတာပေါ့။ ရိုက်ဖြစ်သွားတော့လည်း စိတ်ထဲမှာ ဒီလောက်ထိ ဖြစ်လိမ့်မယ်လို့ မတွေးထားဘူး။ သူတို့လည်း မတွေးထားဘူး”လို့ သူက ပြောပါတယ်။
အဆိုပါ ဓာတ်ပုံများကတော့ သူ့ရဲ့ဘဝမှာ ပထမဆုံးရိုက်တဲ့ ဓာတ်ပုံများဖြစ်ပြီး အတတ်နိုင်ဆုံး စိတ်ကိုလျှော့ထားရတယ်လို့ ဆိုပါတယ်။
“ဒါပထမဆုံးပဲ။ အတတ်နိုင်ဆုံးတော့ ကိုယ့်စိတ်ကို လျှော့ထားရတာပေါ့။ ဒါက ငါဓာတ်ပုံ ရိုက်တာပဲ စိတ်ကြီးကို တင်းထားလို့ မရဘူးလေ။ ကားရိုက်သလိုပဲ သက်သောင့်သက်သာနဲ့ နေလိုက်ပြီးတော့ သူတို့ လုပ်ချင်တာကို ကိုယ်ဖြစ်ချင်တာနဲ့ ညှိနှိုင်းတယ်။ သူတို့ကတော့ ပိုပြီးတော့ မြင်တယ်။ ကိုယ်လုပ်ပြတာ သူတို့ လိုချင်တဲ့ပုံစံ ဝင်မလားပေါ့။ တော်ပါတယ်။ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်လို့ရတယ်” လို့ မျိုးကြည်က ပြောပါတယ်။
ဒီလို ဓာတ်ပုံတွေ ပရိသတ် ကြိုက်နှစ်သက်သွားတာကြောင့် နောက်ပိုင်းမှာလည်း အနုပညာ ပြယုဂ်တခုနဲ့ ကမ်းလှမ်းလာရင် လုပ်သွားမယ်လို့ သိရပါတယ်။
လူကြမ်းသရုပ်ဆောင် မျိုးကြည်ကတော့ လူကြမ်းတယောက်အနေနဲ့ အနုပညာလောကမှာ လုပ်ကိုင်နေတာ နှစ် ၃၀ ခန့် ကြာပြီဖြစ်ပြီး လက်ရှိမှာလည်း နာရေးကူညီမှုအသင်းမှာ အသင်းဝင်တယောက်အနေနဲ့ နာရေးကားများ လိုက်လံ မောင်းနှင်လျက်ရှိပါတယ်။
You may also like these stories:
လူကြမ်း ရန်လေးအတွက် ရည်စူးပြီး ဆွမ်းကပ်အလှူ လုပ်ပေးခဲ့တဲ့ အောင်ခိုင်