Metro Brothers ကနေ ပထမဦးဆုံး လှုပ်ရှားမှုအဖြစ် ဝါရင့် လူကြမ်းသရုပ်ဆောင် နှစ်ဦးရဲ့ ကွဲပြားတဲ့ ဓာတ်ပုံများ ရိုက်ကူးခဲ့ရာ လူကြမ်းသရုပ်ဆောင် အရိုင်းမင်းက ရိုက်ကူးဖြစ်ပုံနဲ့ ပတ်သက်ပြီး ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“ကျနော်တို့ကို ရိုက်ဖို့ ဖုန်းနဲ့ ချိတ်တယ်။ လူတွေ့ပြီး စကားပြောကြည့်တယ်။ လက်ခံနိုင်တာနဲ့ လက်ခံလိုက်တာ။ အဝတ်စားတွေလည်း သူတို့ပဲ ရှာပေးတယ်။ သူတို့ လိုချင်တဲ့ ပုံကို ကျနော်တို့က ရိုက်ပေးရတယ်။ ပထမရက်မှာ နှစ်ယောက်တွဲ ရိုက်တယ်။ ဒုတိယရက်မှာ တယောက်တည်း ရိုက်တယ်”
“ကျနော်တို့ ပုံတွေလည်း မကြည့်ဖြစ်ဘူး။ သူများပြတော့မှ ကြည့်မိတယ်။ ဒီပုံတွေ ရိုက်တာ ခက်ခဲမှုတော့ မရှိဘူး။ ကျနော်တို့က အက်ရှင်အနေနဲ့ပဲ သရုပ်ဆောင်တာ။ အဲ့လို ပုံစံတွေ တခါမှ မရိုက်ဖူးဘူး။ ဒီကလေးတွေ ရိုက်လို့သာ ခွင့်ပြုလိုက်တာ။ ကျနော်တို့ အိုက်တင်တွေကို တောက်လျှောက် လုပ်တာ။ အခု ထွက်လာတာ နည်းသေးတယ်။ အများကြီး ကျန်သေးတယ်”လို့ လူကြမ်း အရိုင်းမင်းက ပြောပါတယ်။
အခု ဓာတ်ပုံတွေကို ပရိသတ်တွေ သဘောကျတဲ့အတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပြီး ဓာတ်ပုံ ရိုက်ပေးသူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အခု ပုံတွေကို ပရိသတ်တွေ သဘောကျကြတော့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ရိုက်တဲ့ ကလေးတွေ ကြိုးစားမှုကြောင့် ကျနော်တို့ ထင်ထင်ပေါ်ပေါ်ဖြစ်လာတာပေါ့။ အဲ့အတွက် အဲ့ကလေးတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အဲ့ကလေးတွေကိုလည်း ချီးကျူးပါတယ်”လို့ အရိုင်းမင်းက ပြောပါတယ်။
ကိုဗစ်ကာလ အလုပ်တွေ ပါးနေချိန်မှာ ထိုက်သင့်သလောက် အနုပညာကြေးပေးပြီး အခုလို ခေါ်ရိုက်တဲ့အတွက်လည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။
“အနုပညာကြေးကိုလည်း သူတို့ တတ်နိုင်သလောက် ပေးမယ်ဆိုပြီး ထိုက်သင့်သလောက်တော့ ပေးပါတယ်။ ကျနော်တို့ အခုလို ကိုဗစ်ဖြစ်နေချိန်မှာ အနုပညာအလုပ်က မလုပ်ရဘူးလေ။ စားဖို့သောက်ဖို့ အခုလို ရိုက်ခွင့်ရတော့ ပိုအဆင်ပြေသွားတာပေါ့။ သူတို့ လိုချင်တဲ့ ပုံလေးသာ ကျနော်တို့ သရုပ်ဆောင် ပေးခဲ့ရတာပါ။ ကျနော့်ကို ဘယ်ဘက်လက် မြှောက်ခိုင်းတာ၊ မြှောက်မရတော့ ညာဘက်လက် မြှောက်လိုက်တာ။ အဲ့ဒါလေးတော့ ရှိတယ်”လို့ အရိုင်းမင်းက ပြောပါတယ်။
အနုပညာသက်တမ်း တလျှောက်မှာ ကြမ်းကြမ်းတမ်းတမ်း အိုက်တင်တွေသာ လုပ်ခဲ့ဖူးပြီး နောက်ပိုင်း ကမ်းလှမ်းလာရင်လည်း ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။
“အခုလို ပုံတွေ သဘောကျကြတော့ ကိုယ့်ဆီမှာ ပရိသတ် ပိုများလာတယ်လို့ ခံစားမိတယ်။ အနုပညာလောကမှာ နှစ်ပေါင်း (၄၀) ကျော်မှာ ကြမ်းကြမ်းတမ်းတမ်း အိုက်တင်တွေပဲ လုပ်ခဲ့ဖူးခဲ့တယ်။ အခုလို မရိုက်ဖူးဘူး။ နောက်ပိုင်းလည်း ကမ်းလှမ်းလာရင် အနုပညာနဲ့ ပတ်သက်ရင် ရိုက်ကူးသွားမှာပါ။ မျိုးဆက်သစ်တွေလည်း လိုအပ်လာရင် ကျနော်တို့ကို ခေါ်ပြီး သရုပ်ဆောင်ခိုင်းပါ”
“ကျနော့်ကို အခုချိန်ထိ အားပေးနေကြတာ ကျေးဇူးတင်ပါတယ်။ မသေမချင်း ဒီရုပ်က ပရိသတ်ရှေ့ရောက်နေမှာပါ”လို့ အရိုင်းမင်းက ပြောပါတယ်။
လူကြမ်း သရုပ်ဆောင် အရိုင်းမင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများမှာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်လာတာ အနုပညာသက်တမ်း နှစ် ၄၀ ကျော် ရှိပါပြီ။ မြန်မာ့ရိုးရာ လက်ဝှေ့သမားဘဝကနေ အနုပညာလောကကို ဝင်ရောက်လာတဲ့ အရိုင်းမင်းဟာ အနုပညာလုပ်ငန်းများကို အတတ်နိုင်ဆုံး မသေခင်ထိ ဆက်လက် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
You may also like these stories:
Metro Brothers နဲ့ ဓာတ်ပုံတွေအကြောင်း ပြောပြတဲ့ လူကြမ်း မျိုးကြည်
ဗိုလ်ချုပ်ရုပ်ရှင်မှာ William Slim နေရာက ပါဝင်မယ့် မရှင်ငြိမ်းမယ်ရဲ့ အမျိုးသား
ရေနွေးပူ လောင်းခံခဲ့ရတဲ့ ဒဏ်ကြောင့် ကွယ်လွန်သွားခဲ့တဲ့ လူရွှင်တော် တော့ပ်