“Aquaman” နောက်ဆက်တွဲရုပ်ရှင်အတွက် Mera ဇာတ်ကောင်နေရာမှာ မင်းသမီးနောက်တဦးကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ခင်ပွန်းဟောင်း Johnny Depp နဲ့ အမှုအခင်း ရင်ဆိုင်နေရတဲ့ မင်းသမီး Amber Heard ရဲ့နေရာမှာ မင်းသမီး Emily Blunt ကို အဲ့ဒီ စူပါဟီးရိုးရုပ်ရှင်အတွက် အစားထိုးဖို့ Warner Bros. က စဉ်းစားနေတယ်လို့ သိရပါတယ်။
DC ရုပ်ရှင်တကားကနေ မင်းသမီး Amber ကို ထုတ်ပစ်ဖို့ဆိုတဲ့ သတင်းတွေက လပေါင်းများစွာကြာ ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး “We Got This Covered” မီဒီယာက ပထမဆုံး သတင်းဖော်ပြခဲ့ပါတယ်။ အဲ့ဒီမီဒီယာရဲ့ အဆိုအရ Mera ဇာတ်ကောင်နေရာအတွက် မင်းသမီး Blunt ကို စဉ်းစားထားကြတယ်လို့ လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကတော့ စတူဒီယို အမှုဆောင်တွေဟာ မင်းသမီး Amber ရဲ့ ဘေးပတ်လည်မှာရှိနေတဲ့ မီဒီယာရေးရာ ကိစ္စတွေကြောင့် Mera ဇာတ်ကောင်အတွက် လူပြန်ရွေးချင်နေပြီး ပရိသတ်တော်တော်များများကလည်း အဲ့ဒီနေရာကနေ ဖယ်ရှားပေးဖို့ တောင်းဆိုနေကြတယ်လို့လည်း အဲ့ဒီ မီဒီယာက ဖော်ပြပါတယ်။
မင်းသမီး Amber ဟာ ခင်ပွန်းဟောင်း မင်းသား Depp နဲ့အတူ တရားရင်ဆိုင်နေရတာ ဖြစ်ပြီး သူတို့ နှစ်ဦးရဲ့ အိမ်ထောင်ကာလအတွင်းမှာ အိမ်တွင်းအကြမ်းဖက်မှု ရှိခဲ့တယ်လို့ မင်းသမီးဘက်က စွပ်စွဲထားတာ ဖြစ်ပါတယ်။ မင်းသား Depp ကတော့ လော့စ်အင်ဂျလိစ် ကလေးဆေးရုံကို လှူဒါန်းခဲ့တဲ့ ဒေါ်လာ ၇ သန်းအတွက် မင်းသမီးကို သူပေးထားခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာတော့ The Washington Post သတင်းစာထဲ မင်းသမီးက သူဟာ အိမ်တွင်းအကြမ်းဖက်မှုသားကောင် ဖြစ်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပြီးတဲ့နောက် အသရေဖျက်မှုနဲ့ မင်းသမီးကို မင်းသား Depp က တရားစွဲဆိုခဲ့ပါတယ်။
အခုနောက်ဆုံးတော့ ယူကေသတင်းစာ The Sun နဲ့ ထုတ်လုပ်သူ News Group Newspapers ကုမ္ပဏီတို့အပေါ် မင်းသားက အသရေဖျက်မှုနဲ့ တရားစွဲဆိုမှုအတွက် သူတို့နှစ်ဦးလုံးက တရားရင်ဆိုင်နေရပါတယ်။
အဲ့ဒီ လူပြိန်းကြိုက်သတင်းစာရဲ့ ၂၀၁၈ ခုနှစ်တုန်းက ဆောင်းပါးတပုဒ်မှာ မင်းသား Depp ဟာ ဇနီးကို ရိုက်နှက်သူတဦးအဖြစ် ပုံဖော်ထားတာကြောင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Javier Bardem, Penelope Cruz နဲ့ Winona Ryder တို့ဟာလည်း မင်းသမီး Amber အပေါ် စွဲဆိုထားတဲ့ အသရေဖျက်မှုအတွက် မင်းသားဘက်ကနေ ကာကွယ်ပြောကြားထားပါတယ်။
မင်းသမီး Blunt ကတော့ “Mary Poppins Returns” ရုပ်ရှင်နဲ့ အောင်မြင်လာခဲ့သလို “A Quiet Place” ရုပ်ရှင်အတွက် SAG ဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို ရရှိခဲ့ပါတယ်။ ဗြိတိသျှမင်းသမီး Blunt ဟာ လာမယ့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ပြသမယ့် “A Quiet Place Part II” ရုပ်ရှင်မှာလည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။
Ref: aceshowbiz