အလှမယ် မိုးစက်ဝိုင်ရဲ့ ကုမ္ပဏီဖြစ်တဲ့ Mozey Cosmetics မှ ငွေကြေးလိမ်လည်မှု၊ တံဆိပ်ခေါင်းအတုလုပ်မှုများနဲ့ မှားယွင်း စွပ်စွဲကာ အချုပ် ၁ လ ကျခံခဲ့ရတဲ့ မေဟန်နီထွေးက သူ့ရဲ့ နစ်နာမှုများအကြောင်းကို အခုလို ပြောပြခဲ့ပါတယ်။
“အလုပ်စဝင်တာက ၂၀၁၉၊ ၅ လပိုင်းမှာ ကျမ အလုပ်စဝင်တယ်။ ဝင်ပြီးတော့ ၂၀၂၀၊ ၁ လပိုင်း ၂၉ ရက်နေ့မှာ အလုပ်ထွက်သွားတယ်။ အလုပ်ထွက်သွားတော့လည်း စာရွက်စာတမ်းတွေ လွှဲပြီးတော့ ထွက်သွားတယ်။ ကျမ တခြားကုမ္ပဏီတခုမှာ ၂ လပိုင်းကစ အလုပ်ဝင်နေပြီ။ ဝင်ပြီးတော့ ၆ လပိုင်း၊ ၃ ရက်နေ့ညမှာ ကျမဆီကို ဗဟန်းရဲစခန်းက ဒုရဲအုပ်တို့ အဖွဲ့ လာဖမ်းတော့ ကျမ မေးတယ်”
“ဘာကြောင့် ဖမ်းလဲလို့ မေးတဲ့အခါမှာ Moezy ဘက်က ကုမ္ပဏီငွေတွေကို အလွဲသုံးစားလုပ်ပါတယ်ဆိုပြီး လာဖမ်းတယ်။ အချုပ် ၁ လ ကျသွားတယ်။ ၇ လပိုင်း၊ ၂ ရက်နေ့မှ ပြန်လွတ်လာတယ်။ ကြားထဲမှာ တကယ်ယူတဲ့ ကောင်မလေးက ၆ လပိုင်း၊ ၂၃ ရက်နေ့မှာ စခန်းကို လာပြီးတော့ ဝန်ခံတယ်။ ဒါတွေ အကုန်လုံးကို သူပဲ ယူတာပါ။ ယူတာတွေကိုလည်း စာချုပ်စာတမ်းတွေနဲ့ ပြန်လျော်ပြီးသားကို ဘာလို့ဖမ်းတာလဲဆိုပြီး ထွက်ဆိုချက် လာပေးလို့ လွှတ်ခဲ့ပါတယ်” လို့ မေဟန်နီထွေးက ပြောပါတယ်။
အဆိုပါ ကုမ္ပဏီမှာတော့ မေဟန်နီထွေးက အလုပ်ထွက်သွားပြီး တခြားအလုပ်တခုမှာ အလုပ်ဝင်နေတဲ့အချိန်အတွင်း အဖမ်းခံရတာဖြစ်ပြီး တကယ်ယူတဲ့သူမှ လာရောက် ထွက်ဆိုချက်ပေးတာကြောင့် ပြန်လည် လွတ်မြောက်လာရတာ ဖြစ်တယ်လို့ သိရပါတယ်။
“ကျမမှာ အဖေ မရှိတော့ပါဘူး။ ကျမ အမေနဲ့ အစ်မနဲ့ကို လုပ်ကျွေးပြီးနေတာ ကျမ အပျိုတယောက်အနေနဲ့ ရဲကား ၃ စီးနဲ့ လာဖမ်းခံရတယ်ဆိုတဲ့ အရှိန်က နည်းတာမှ မဟုတ်တာ။ ည ၇ နာရီခွဲကြီး လူတွေစုံတဲ့အချိန်မှာ လာအဖမ်းခံရတယ်။ တရားရုံးမှာ ကောင်မလေးတွေ လက်ထိပ်ခတ်ပြီး ဝင်သွားတာကိုမြင်ရမှာပါ။ မဟုတ်တဲ့သူတယောက် ခံစားရတဲ့ ခံစားချက်၊ အဲ့လက်ထိပ်ကြီးနဲ့ နေရတဲ့ ခံစားချက်”

“ကျမ စိတ်ရောကိုယ်ပါ အထဲထဲမှာ နေရတာက တော်တော်ကြီးကို ခံစားခဲ့ရတယ်။ ကျမ အထဲမှာ နေရတဲ့အခါမှာ တော်တော်ကြီးကို သံဝေဂရတယ်။ အာဃာတတရား မထားချင်ဘူးဆိုပြီးတော့ တောင်းပန်းတာကို ကျမ စောင့်တယ်။ ဒါပေမဲ့ ဘယ်သူမှ ကျမကို လာရောက် တောင်းပန်ခြင်း မရှိပါဘူး” လို့ မေဟန်နီထွေးက ပြောပါတယ်။
မေဟန်နီထွေး လွတ်မြောက်တဲ့အကြောင်းကိုလည်း ရဲဘက်မှ အကြောင်းကြားခဲ့ပေမယ့် အခုလို ဘာကြောင့်လုပ်ရလဲဆိုတာကို မသိခဲ့ဘူးလို့ ဆိုပါတယ်။
“ကျမ လွတ်လာတဲ့ တောက်လျှောက်မှာ ကျမ စောင့်ပါတယ်။ ရဲဘက်ကလည်း ကျမ မဟုတ်ဘူးဆိုတာကို အကြောင်းကြားထားပါတယ်။ ကျမကို ဘာ့ကြောင့် အဲ့လိုလုပ်တာလဲ ဆိုတာကိုလည်း မသိဘူး။ ရဲဘက်ကို တိုင်ကြားတဲ့အခါမှာလည်း ကျမက ငွေတွေ ကိုင်တယ်လို့ ပြောတယ်။ ကျမက Sale Manager လေ။ Account ကမှ မဟုတ်တာ”
“ကျမကို စွဲထားတာ ၄၀၈ ၊ ၄၇၂ နဲ့ ကျမကို စွဲချက်တင်တာပါ။ ရဲတွေလာဖမ်းတဲ့ ဘောက်ချာမှာလည်း ကျမ လက်မှတ် တခုမှ မရှိပါဘူး။ ကျမကို ဘာ့ကြောင့် ဒီလိုလုပ်တာလဲ။ မန်နေဂျာဖြစ်နေတဲ့အခါကျတော့ အထက်လူကြီးနဲ့ စကားများတာတွေ ဘာတွေကတော့ ရှိတာပဲ။ ဒါပေမဲ့ ကျမ တခြားသူကို နစ်နာအောင် ဘာတခုမှ မလုပ်ခဲ့ဘူး” လို့ မေဟန်နီထွေးက ပြောပါတယ်။
မေဟန်နီထွေးကတော့ Mozey Cosmetic မှာ Sale Manager ရာထူးဖြင့် အလုပ်လုပ်ကိုင်ခဲ့ပြီး သူမကိုတော့ ကုမ္ပဏီဘက်မှ ပုဒ်မ ၄၀၈ (ငွေကြေးလိမ်လည်မှု) ၊ ၄၇၂ (တံဆိပ်ခေါင်းအတု လုပ်မှု) တို့ဖြင့် စွပ်စွဲကာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုအခါမှာတော့ မေဟန်နီထွေးက ဗဟန်းမြို့နယ် တရားရုံးမှာ ဒေါ်ဝေဝေခိုင် (ခေါ်) အလှမယ် မိုးစက်ဝိုင်ပါ ၂ ဦးတို့ကို အသရေဖျက်မှုဖြင့် ဦးတိုက် လျှောက်ထားပြီး ရဲလုပ်ထုံးလုပ်နည်းအရ စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
You may also like these stories:
အလှမယ် မိုးစက်ဝိုင် ပါ ၂ ဦးကို အသရေဖျက်မှုဖြင့် ဗဟန်းတရားရုံးတွင် ဦးတိုက်လျှောက်ထား
အနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့တဲ့အကြောင်း ပြောပြတဲ့ အလှမယ် မိုးစက်ဝိုင်