မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ ငြိမ်သက်နေရာကနေ ရခိုင်ပြည်နယ်မှာ ကူးစက်မှု မြင့်တက်လာတာ စိတ်မကောင်းဘူးလို့ သရုပ်ဆောင် ဘုန်းလျှံက ဧရာဝတီကို ပြောပါတယ်။
“ရခိုင်မှာ ဖြစ်နေတာ စိတ်တော့ မကောင်းဘူး။ ကောလာဟလတွေကို မကြောက်ကြပါနဲ့။ အာဟာရ ပြည့်ဝအောင် စားကြပါ။ အိပ်ရေးဝဝအိပ်၊ ကိုယ်ခံအားကောင်းအောင်နေ၊ ဒါမှလည်း ရောဂါကို တွန်းလှန်နိုင်မှာပါ”
“အခုလိုမျိုး ရခိုင်မှာ ဖြစ်နေတာကို ရခိုင်တိုင်းရင်းသား ဆရာဝန်တွေရော၊ တခြားတိုင်းရင်းသား ဆရာဝန်တွေရော ကုသပေးနေကြတာ အရမ်းကောင်းတဲ့ စိတ်ဓာတ်တွေပါ။ အရမ်းလည်း ဝမ်းသာရပါတယ်။ နေတိုးတို့၊ ကိုခန့်စည်သူတို့ကလည်း စက်တွေ လှူတာ တွေ့ရတော့ အရမ်းဝမ်းသာရပါတယ်”လို့ ဘုန်းလျှံက ပြောပါတယ်။
တကမ္ဘာလုံး ကြုံတွေ့နေရတဲ့ ကပ်ရောဂါဆိုး ဖြစ်တာကြောင့် ဖြစ်လာတဲ့အပေါ် အကောင်းဆုံးကျော်လွှားနိုင်ဖို့ပဲ ဆုတောင်းပေးတယ်လို့ ဘုန်းလျှံက ဆိုပါတယ်။
“ကိုဗစ်ဖြစ်နေတာ ဖြစ်လာတာကိုက တားလို့ မရဘူးလေ။ ဖြစ်ဖို့ ကံပါလာတယ်လို့ပဲ ပြောရမှာပေါ့။ ကျနော်တို့ ဘဝမှာတောင် တခါမှတောင် မမြင်ဖူးတဲ့ ကပ်ရောဂါဆိုးကို လူတွေက တွေ့ကြုံနေရတာ ဆိုတော့ ကမ္ဘာမှာလည်း ဖြစ်နေတာ”
“ဒီမြို့လည်း မဖြစ်ရဘူး။ ဟိုမြို့ မဖြစ်ရဘူး တားလို့မှ မရတာ။ အဲ့ပေါ်မှာ အဆိုးမမြင်တော့ပါဘူး။ အကောင်းပဲ မြင်ပါတယ်။ မငြိမ်းချမ်းသေးတာကို အခုလို ဖြစ်နေတော့ တပူပေါ် တပူဆင့်တာပေါ့။ အကောင်းဆုံးဖြစ်အောင် ကျော်လွှားနိုင်ဖို့ပဲ ဆုတောင်းနေပါတယ်”လို့ ဘုန်းလျှံက ပြောပါတယ်။
လက်ရှိ ပြန့်ပွားနေတဲ့ ရောဂါးပိုးက ကူးစက်မှု ပိုမို မြန်ဆန်တာကြောင့် Mask မတပ်ဘဲ သွားနေကြသူတွေကို Mask တပ်ကြဖို့လည်း ဘုန်းလျှံက တိုက်တွန်းပါတယ်။
“အခုမှ အလုပ်လေးတွေ ပြန်လုပ်မလားဆိုပြီး အားအင်တွေ ပြန်ဖြည့်ပြိး စိတ်အားထက်သန်နေတဲ့ အချိန်ကျမှ အခုလို ရောဂါတွေပြန်ဖြစ်နေတာ စိတ်မကောင်းဘူး။ နိုင်ငံတော် အစိုးရကလည်း နည်းစနစ်တွေ ချမှတ်ပေးထားတယ်။ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ နည်းစနစ်တွေ တိကျစွာ လိုက်နာဖို့ကအရေးကြီးတယ်။ ဒီပိုးက ကူးစက်မှု ပိုမြန်တယ်လို့တော့ သိရတယ်။ မကြောက်ဘဲ သွားလာနေသူတွေလည်း ရှိပါသေးတယ်”
“Mask တပ်ကြပါ။ ကျနော်တို့လည်း Mask တပ်ရတာ မကြိုက်ဘူး။ ၃ ၊ ၄ မိနစ် တပ်ရင်ကို အသက်ရှုကြပ်လာတဲ့ အနေအထားမျိုးတွေ ရှိတယ်။ အဲ့အတွက် မတပ်လို့လည်း မရဘူး။ ကိုယ်ခံအားတွေ ကောင်းအောင် ပြင်ဆင်ထားကြပါ။ ရန်ကုန်မြို့မှာ ရှိတဲ့ ရခိုင်တိုင်းရင်းသား အနုပညာရှင်တွေကို စုပြီး ကိုဗစ်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို အားပေးစကားပြောတဲ့ ဗီဒီယိုလေး တင်ပေးဖို့ရှိတယ်”လို့ ဘုန်းလျှံက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၅၇၄ ဦး တွေ့ရှိထားပြီး သြဂုတ်လ ၂၅ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ ရောဂါပိုးကင်းစင်လာသူ ၃၄၁ ဦး၊ သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
You may also like these stories:
၂ နှစ်ကြာမှ ကိုဗစ်ကာလ ပြီးဆုံးမည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော