Entertainment

ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်း ရုပ်ရှင်ပြန်ရိုက်ပြီ

ဘောလိဝုဒ် မင်းသားကြီး အမီတာဘဂျမ်းဟာ COVID-19 ကုသမှု ခံယူခဲ့ပြီးတဲ့နောက် “Who Wants To Be A Millionaire?” ရုပ်ရှင်ရိုက်ကူးရေးကို စတင်လိုက်ပြီလို့ သိရပါတယ်။

အခုနောက်ပိုင်းမှာ အိန္ဒိယ အာဏာပိုင်တွေဟာ ရုပ်ရှင်နဲ့ ရုပ်သံစီးရီး ရိုက်ကူးရေးတွေအတွက် COVID-19 ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးခဲ့ပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကစလို့ စတူဒီယိုတွင်း ရိုက်ကူးမှုတွေအပေါ် ကန့်သတ်ချက်တွေ ရှိတာကြောင့် ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရုပ်ရှင်ထုတ်လုပ်ရေးစက်ရုံ တည်ရှိရာ ဘောလိဝုဒ်အတွက် အထိနာခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ ရိုက်ကူးရေးတွေကို တဖန် ပြန်လည် ခွင့်ပြုခဲ့ပေမယ့် အသက် ၇၇ နှစ်အရွယ် မင်းသားကြီး အမီတာ အပါအဝင် အသက် ၆၅ နှစ်နဲ့အထက် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးဝန်ထမ်းတွေကို ပါဝင်ခွင့် တားမြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီတားမြစ်ချက်ကို အခုလအစောပိုင်းတုန်းက တရားရုံတခုက ဖယ်ရှားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့တုန်းက အစိုးရက စည်းမျဉ်းစည်းကမ်းတွေကို ဖြေလျှော့ပေးခဲ့ပေမယ့် ဖြစ်နိုင်ရင် လူအချင်းချင်း ခပ်ခွာခွာနေတာ၊ နှာခေါင်းစည်းတပ်တာနဲ့ လက်သန့်ဆေး ပုံမှန်သုံးဖို့ တိုက်တွန်းထားပါတယ်။

ဒါပေမဲ့လည်း အခုလို ဖြေလျှော့မှုတွေဟာ ဘောလိဝုဒ်အခြေစိုက်ရဲ့ မွမ်ဘိုင်းမြို့တည်ရှိရာ Maharashtra ပြည်နယ်မှာသာ သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။ ပြည်နယ်အစိုးရ ပြောခွင့်ရသူတဦးက “ကျနော်တို့ဟာ ပြည်နယ်တွင်း ကပ်ရောဂါဘယ်လို ဖြစ်ပေါ်နေသလိုဆိုတာအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်တွေကို လေ့လာသုံးသပ်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်ကတည်းက မင်းသားကြီး အမီတာကိုယ်တိုင် အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်နေတဲ့ ပဟေဠိအစီအစဉ် “Kaun Banega Crorepati?” ကိုလည်း ပရိသတ်တွေ တက်ရောက် ကြည့်နိုင်မယ့်အချိန်ရောက်မှသာ ပြန်လည် ရိုက်ကူးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မွမ်ဘိုင်းဆေးရုံ တရုံမှာ တက်ရောက်ကုသမှု ခံယူခဲ့ရတဲ့ ဝါရင့်မင်းသားကြီးဟာ Follower ၂၂ သန်းရှိတဲ့ သူ့ရဲ့ Instagram အကောင့်မှာ PPE ဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ ရိုက်ကူးရေး ဝန်ထမ်းတွေရဲ့ ပုံကို တင်ခဲ့ပါတယ်။ Maharashtra ပြည်နယ် အာဏာပိုင်တွေကတော့ နာမည်ကျော် ဟင်ဒီရုပ်ရှင်တွေရဲ့ အထင်ကရဖြစ်တဲ့ အကဇာတ်ဝင်ခန်းတွေနဲ့ တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းတွေ ရိုက်ကူးမှုကို တားမြစ်ထားပါတယ်။

မင်းသားကြီးရဲ့သား မင်းသား Abhishek ၊ ချွေးမ မင်းသမီး Aishwarya Rai နဲ့ မြေးမလေး Aaradhya တို့ဟာလည်း COVID-19 ကြောင့် ပြီးခဲ့တဲ့လမှာပဲ ဆေးရုံတက်ခဲ့ရပါတယ်။ သူတို့ ၃ ဦးလုံး ဆေးရုံကနေ ဆင်းသွားခဲ့ကြပြီး ဖြစ်ပါတယ်။

Ref: thejakartapost

You may also like these stories:

COVID-19 ကာကွယ်ရေး ပြကွက်များ အိန္ဒိယရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်

အသက် ၆၅ နှစ်နှင့်အထက် ဘောလိဝုဒ် သရုပ်ဆောင်များ ရုပ်ရှင်ရိုက်ကူးခွင့် ပြန်ရရှိ

COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသမီး Aishwarya Rai တို့သားအမိ ဆေးရုံကဆင်းပြီ

Loading