MNTV ရုပ်သံလိုင်းမှာ လက်ရှိ ပြသနေတဲ့ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ နတ်သား ဝတ်စုံတွေ ဖန်တီးပေးထားတဲ့အကြောင်း ဒီဇိုင်နာ သျှတ္တရက ဧရာဝတီကို အခုလို ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက် ဇာတ်လမ်းတွဲမှာ ဝတ်စုံတွေ ဖန်တီးဖြစ်တာက မနိုရာတို့က ဒီဇာတ်လမ်းလေး လုပ်မယ်ဆိုပြီး ပြောလာတယ်။ သူတို့လည်း ဒီလို ဇာတ်ကားမျိုး မဖန်တီးဖူးဘူး။ ဒီ ဖန်စီ ဇာတ်လမ်းလေး နတ်ပြည်နဲ့ လူ့ပြည်ကို စိတ်ဝင်စားစရာ ကောင်းတာလေး ဖန်တီးမယ်။ သေသေချာချာလေး လုပ်ချင်တယ်။ ဝတ်စုံတွေ လုပ်ပေးနိုင်မလား တိုင်ပင်ကြတယ်။ တိုင်ပင်တော့ စိတ်ဝင်စားစရာလည်း ကောင်းတယ်။ ကျနော့်အတွက်လည်း လုပ်ပေးရတာ ထိုက်တန်တာမို့ လုပ်ပေးဖြစ်တာပါ”လို့ ဒီဇိုင်နာ သျှတ္တရက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲမှာ ဝတ်ဆင်ထားတဲ့ ဝတ်စုံ ဒီဇိုင်းတွေကတော့ ရာဇဝင်ထဲက ရိုးရာ နတ်ဝတ်စုံတွေ မဟုတ်ဘဲ ခေတ်နဲ့အညီ ဖန်တီးပေးထားတာလို့ ဆိုပါတယ်။
“ကျနော်က နတ်ပြည်မှာ ဝတ်တဲ့ ဝတ်စုံတွေကို ချုပ်လုပ်ပေးထားပါတယ်။ ဝတ်စုံ ဒီဇိုင်းအတွက် အိုင်ဒီယာက ဒါရိုက်တာရဲ့ အိုင်ဒီယာလည်း ပါတယ်။ အကုန်လုံး အိုင်ဒီယာလည်း ပါတယ်။ သူတို့က ဖြူဖြူသန့်သန့်လေး ဖြစ်ချင်တာ။ နတ်ပြည်ဆိုတော့ ရွှေရောင်ငွေရောင်ကို ပါးပါးလေး သုံးပေး၊ အဖြူရောင်ပဲ ဖြစ်ချင်တာ။ ရာဇဝင်တွေထဲက နတ်သားတွေ မဟုတ်ဘူး။ ရိုးရာနတ်ဝတ်စုံတွေ မဟုတ်ဘဲနဲ့ ခေတ်နဲ့ အညီ လုပ်ထားတဲ့ ဝတ်စုံ ဖန်တီးပေးထားတာပါ”လို့ သျှတ္တရက ပြောပါတယ်။
ဒီဇာတ်လမ်းတွဲမှာတော့ ဒီဇိုင်နာ သျှတ္တရက ဝတ်စုံ ၁၃ စုံ ဖန်တီးပေးခဲ့ပြီး ဖန်တီး ချုပ်လုပ်ချိန်မှာလည်း အခက်အခဲ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
“ကျနော်တို့က အင်္ကျီချုပ်တဲ့သူ ဖြစ်တာကြောင့် ဖန်တီးရတာ အခက်အခဲ မရှိဘူး။ ထွေထွေထူးထူးတော့ အခက်အခဲ မရှိပါဘူး။ သူများကြိုက်ဖို့ အခက်အခဲ ရှိတယ်။ ဝတ်စုံ ၁၃ စုံ ဖန်တီးခဲ့တယ်။ ကျနော် Accessories တွေကို ဘန်ကောက်သွားပြီး ဝယ်ခဲ့ရတယ်။ အခုလို ကိုဗစ် ဖြစ်နေတဲ့ အချိန်ဆိုရင်တော့ အခက်အခဲ ဖြစ်မှာပေါ့။ အခုတော့ မဖြစ်ခင်ဆိုတော့ အဆင်ပြေသွားတယ်”လို့ သျှတ္တရက ပြောပါတယ်။
နတ်သား ဝတ်စုံများကို လူမှုကွန်ရက်မှာ ဝေဖန်နေကြသူများအပေါ်လည်း ဒီဇိုင်နာ သျှတ္တရက အခုလို ပြောပါတယ်။

“ဝေဖန်ကြတာကတော့ သူတို့ လုပ်ပိုင်ခွင့်၊ ဖန်တီးရတာက ကျနော်တို့ အိုင်ဒီယာပေါ့။ ကျနော်အနေနဲ့က ပေါ့ပါးတဲ့ဘက်ကို ပိုပြီးရွေးချယ်ထားတယ်။ တကယ် Traditional (ရိုးရာ) ပုံစံမျိုးကို Inspiration (ဉာဏ်ကွန့်မြူးမှု) ယူထားတယ်။ ကနုတ်တွေမှာလည်း မြန်မာကနုတ်တွေကို အဓိက ယူထားတယ်။ ကျနော်တို့ကတော့ မြန်မာမှုကိုပဲ နည်းနည်း ခေတ်ဆန်လိုက်တာ”
“ရိုးရာ ဝတ်စုံက တခြားဟာနဲ့ တူတယ်လို့ ထင်နေကြတာ သူတို့အမြင်လေ။ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ကိုယ့်အမြင်နဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်။ တခါတလေ ကျနော်တို့က နိုင်ငံခြား ဝတ်စုံတွေကို ကော်ပီယူပြီး ချုပ်တာတွေ ရှိတယ်။ ယူတယ်ဆို ယူတယ် ပြောလို့ ရတယ်။ ဒီမှာတော့ ကျနော် ဘယ်ကမှ ကော်ပီ မယူထားဘူး”လို့ ဒီဇိုင်နာ သျှတ္တရက ပြောပါတယ်။
ဆက်လက်ပြီး ဝတ်စုံတွေနဲ့ ပတ်သက်လို့ လူမှုကွန်ရက်မှာ အမျိုးမျိုး စနောက်ကာ troll နေကြတဲ့အပေါ်လည်း အရမ်းပျော်တယ်လို့ သျှတ္တရက ဆိုပါတယ်။
“ကျနော် ကိုယ်တိုင်က အထည်တွေ ချုပ်တာ ၈ နှစ်၊ ၉ နှစ်လောက် ရှိလာပြီ။ ဆယ်စုနှစ် တခုနား နီးနေပြီ။ ကျနော်တို့ ကိုယ်တိုင်က တခမ်းတနားနဲ့ သင်လာတဲ့သူ မဟုတ်ဘူး။ အခြေခံကစပြီး ကိုယ်တိုင်သင်ယူတယ်။ ကျနော့်ကို ဝေဖန်နေတာလည်း ရှိကောင်း ရှိမယ်။ အားပေးတာလည်း ရှိတယ်။ ဝေဖန်တဲ့ အပေါ်မှာတော့ ခံစားချက် သိပ်မရှိဘူး”
“ကိုယ့်အလုပ်ကိုပဲ တစိုက်မတ်မတ် လုပ်တော့ ကိုယ့်အလုပ်ကို ကြိုးစားနေဖို့ပဲ လိုတယ်လို့ သတ်မှတ်ထားတယ်။ ဝေဖန်တာကိုလည်း ကျေးဇူးတင်တယ်။ ဒီဝတ်စုံနဲ့ troll ကြတာကိုလည်း အရမ်းပျော်တယ်။ ပျော်စရာ ချစ်စရာဖြစ်တော့ အခုလို troll ကြတာ ပျော်တယ်”လို့ သျှတ္တရက ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲကိုတော့ သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ MNTV ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ခါရာ၊ မိုးယံဇွန်၊ မြတ်နိုးအေး၊ ပြည့်ဝတီမောင်၊ မေသူထွန်း၊ ထက်ဦးထွဋ်တို့ ပါဝင် သရုပ်ဆောင်ထားပြီး ရွှေရည်ရွှန်းလဲ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ မေဘရဏီက ရိုက်ကူးထားတာ ဖြစ်ပါတယ်။
You may also like these stories:
ဗိုလ်ချုပ်ရုပ်ရှင်မှာ William Slim နေရာက ပါဝင်မယ့် မရှင်ငြိမ်းမယ်ရဲ့ အမျိုးသား
“အနုပညာသက်တမ်း နှစ် ၄၀ ကျော်မှာ ဒီလိုပုံတွေ တခါမှ မရိုက်ဖူးဘူး”
အစ္စရေးမှာ ပထမဆုံး ရေပေါ်ရုပ်ရှင်ရုံ ဖွင့်လှစ်