လူကြမ်းသရုပ်ဆောင် မျိုးကြည်ဟာ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်းမှာ ဝင်ရောက် လုပ်အားပေးနေတာ အခုဆိုရင် ၁ နှစ်ရှိပြီလို့ ဧရာဝတီကို ပြောပါတယ်။
“၂၀၁၉ ခုနှစ်၊၂ လပိုင်းကနေ စပြီး နာရေးကူညီမှုအသင်းမှာ လုပ်အားပေးတယ်ပေါ့။ အဲ့ကနေ စပြီး အခုအချိန်ထိ ၁ နှစ်ကျော်သွားပြီ။ တာဝန်ကတော့ ယာဉ်မောင်းရော၊ ခန္ဓာကိုယ် သယ်တာရော၊ ယာဉ်နောက်လိုက်ရော လုပ်တယ်။ တခါတလေကျရင်လည်း အနောက်ကနေ ယာဉ်နောက်လိုက် ပါတာတွေ ရှိတယ်။ တခါတလေကျရင်လည်း တယောက်တည်း သွားတာတွေ ရှိတယ်”
“လူမျိုးမရွေး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။ အကုန်လုံးကို ညီတူမျှတူပဲ။ အချိန်မရွေး ဘယ်အချိန်ပဲဖြစ်ဖြစ် သေစာရင်းရပြီဆိုတာနဲ့ သွားပြီးတော့ သယ်တယ်။ တခါတည်း သင်္ဂြိုဟ်မယ့်သူကိုလည်း တခါတည်း လုပ်ပေးတယ်။ ကုန်ကျတဲ့ စရိတ်တွေကို ကျနော်တို့ဘက်က အကုန် အလကားကူညီ ပံ့ပိုးပေးတယ်” လို့ မျိုးကြည်က ပြောပါတယ်။
နာရေးကူညီမှုအသင်းမှာတော့ အားတဲ့အချိန်များမှာ လာရောက် လုပ်ကိုင်ရင်းနဲ့ အခုဆိုရင် တပတ်ကို ပုံမှန် ၂ ရက် လုပ်ကိုင်ပေးနေတယ်လို့ သိရပါတယ်။
“အားတဲ့အချိန်လေး အားသလိုလေး လာလုပ်ရင်းနဲ့ လူရဲ့စိတ်က သူ့အလိုလို ပါလာတာ။ တခါတလေကျရင် တပတ်ကို ၃ ရက်လောက် ရောက်ရင် ရောက်တယ်။ ပုံမှန်ကတော့ တပတ်ကို ၂ ရက် ပုံမှန်ရောက်ဖြစ်တယ်။ မနက်ကနေစပြီး ညနေ ၄ နာရီထိ ဘယ်နှဦးပဲ သယ်ရသယ်ရ သွားတယ်”
“ပုံမှန်ဆို မနက် ၈ နာရီကနေ ရုံးက ထွက်သွားရင် ညနေ ၄ နာရီမှ ပြန်ရောက်တယ်။ ၄ ဦးဖြစ်ရင် ဖြစ်မယ်။ ၅ ဦး ဖြစ်ရင်ဖြစ်မယ်။ တောက်လျှောက် သွားတာ။ ရေဝေးသွားပြီးတာနဲ့ နောက် ဘယ်ကို သွားရမလဲဆိုပြီး သွားတာ” လို့ မျိုးကြည်က ပြောပါတယ်။
ဒီအလုပ်ဟာ ကိုယ့်ငွေကြေးနဲ့ကိုယ် လုပ်အားဒါန ပေးဆပ်ကြရတာဖြစ်ပြီး အိမ်ကို ပြန်ရောက်ပါက ကိုယ်ပြုခဲ့တဲ့ ကုသိုလ်များအတွက် အမျှအတန်း ပေးဝေဖြစ်တယ်လို့ ဆိုပါတယ်။
“ဒါဟာလည်း မွန်မြတ်ပါတယ်။ သူများတကာတွေ မကိုင်ချင်၊ မထိချင်တာတွေ တခြားမတွေးနဲ့ ကိုယ့်ရဲ့ဇနီးမယား၊ သားသမီး ရှိနေတဲ့အချိန်တုန်းကတော့ ချစ်ပါတယ် ကြိုက်ပါတယ်၊ မခွဲနိုင် မခွာနိုင်ဘူးပြောကြတာ။ သေသွားရင် ဒီမသာကို မကိုင်ချင်ကြဘူး။ အဲ့လို မကိုင်ချင်တာတွေကို ကိုယ်တွေက သွေးမတော် သားမစပ်ဘဲနဲ့ ကိုင်ရ ပြုရတာ၊ ဒီလိုမျိုးကလည်း ရှားရှားပါးပါးပါ”
“လူတိုင်းလည်း မလုပ်နိုင်ပါဘူး။ ဒီမှာ လာလုပ်တဲ့သူတွေက အကျိုးအမြတ် ဘာမှ မရှိဘူး။ အကုန်လုံးက ပေးဆပ်နေကြတာပါပဲ။ ကိုယ့်ငွေကြေးနဲ့ ကိုယ့်ဘာသာ စားသောက်ပြီး လုပ်အားဒါနနဲ့ ပေးဆပ်နေကြတာ” လို့ မျိုးကြည်က ပြောပါတယ်။
ဆက်လက်ပြီး “အိမ်ပြန်သွားရင် ဘာရလဲဆိုရင် ကိုယ်လုပ်တဲ့ဟာလေးကို အမျှအတန်း ဝေကြတယ်။ ကျနော်တို့ဆိုရင် ဒီနေ့ ၃ ဦးသယ်ရင် အဲ့ ၃ ဦးကို ဘုရားရှိခိုးရင် နာမည်နဲ့ တပ်ပြီးတော့ အမျှအတန်း ပေးဝေတယ်။ နောက်ပြီးတော့ လိုင်းပေါ်မှာ တင်ပေးတယ်။ လုပ်အားဒါန ပြုပါတယ်ဆိုရင် အားလုံးက သာဓု ခေါ်ကြတယ်။ အဲ့လိုနဲ့ပဲ ပီတိလေးတွေနဲ့ သွားကြတယ်” လို့ သူက ပြောပါတယ်။
ဒီလိုမျိုး နာရေးကူညီမှုအသင်းက အလောင်းများကို ကူညီသယ်ပို့ပေးရင်းနဲ့ မှတ်မှတ်ရရ ဖြစ်ရတဲ့အကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“မှတ်မှတ်ရရဆိုရင် စိတ်ထဲ မကောင်းတာ ကလေးလေးပေါ့။ ကလေးလေးဆိုတာက လူတော့ ဖြစ်တယ်။ လူ့လောကကို မရောက်ခဲ့ဘူး။ မိခင်ဝမ်းထဲမှာပဲ ဆုံးသွားတယ်။ အဲဒါကတော့ မှတ်မှတ်ရရ၊ စိတ်ထဲလည်း မကောင်းခဲ့ဘူး။ ကိုယ့်ဟာကိုယ် သယ်လာပြီး ကားမောင်းလာရင်းနဲ့ တွေးမိပြီး မျက်ရည်တောင် ဝဲမိတယ်”လို့ မျိုးကြည်က ပြောပါတယ်။
လူကြမ်းသရုပ်ဆောင် မျိုးကြည်ကတော့ အိမ်ထောင်ရက်သား မပြုဘဲ အသက် ၈၂ နှစ်အရွယ် အမေဖြစ်သူနဲ့အတူ နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။
“အိမ်ထောင် မရှိဘူး။ လူပျိုလူလွတ်။ အသက် ၈၂ နှစ်ရှိတဲ့ အမေနဲ့ တူတူ နေတယ်။ ကျန်တဲ့ မောင်နှမတွေတော့ ရှိတာပေါ့။ တူတူ နေကြတာ။ အမေကြီးကိုက အိမ်မှာမိသားစုဝင်တွေ ရှိတော့ ကိုယ် မရှိတဲ့အခါကျ သူတို့ကြည့်ပေါ့။ ကိုယ်ရှိတဲ့အခါ ကိုယ်ကြည့်ပေါ့။ ဒီအချိန်ထိ အိမ်ထောင်မပြုတာလည်း ကိုယ့်ဘဝမှာ အရမ်းချစ်ရတဲ့ မိခင်ကြီး ရှိနေတဲ့အတွက်ကို ကိုယ့်ရဲ့ပေးဆပ်ရမယ့် မိခင်ရဲ့ ကျေးဇူးတရားကို ဒီအချိန်ထိ ပေးဆပ်နေတာပေါ့”လို့ မျိုးကြည်က ပြောပါတယ်။
မျိုးကြည်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူပြောများပြီး သဘောကျနှစ်သက်ခြင်းခံရတဲ့ ဓာတ်ပုံများကို မော်ဒယ်တဦးအနေနဲ့ ရိုက်ကူးခဲ့ပါတယ်။
လူကြမ်းသရုပ်ဆောင် မျိုးကြည်ဟာ လူကြမ်းတယောက်အနေနဲ့ အနုပညာလောကမှာ လုပ်ကိုင်နေတာ နှစ် ၃၀ ခန့် ကြာပြီဖြစ်ပြီး ကိုလူချောအဖွဲ့ဝင်တဦးလည်း ဖြစ်ပါတယ်။
You may also like these stories:
“အနုပညာသက်တမ်း နှစ် ၄၀ ကျော်မှာ ဒီလိုပုံတွေ တခါမှ မရိုက်ဖူးဘူး”
Metro Brothers နဲ့ ဓာတ်ပုံတွေအကြောင်း ပြောပြတဲ့ လူကြမ်း မျိုးကြည်
“ရခိုင်ပြည်နယ်မှာ ကူးစက်မှု မြင့်တက်လာတာ စိတ်မကောင်းဘူး”