စက်တင်ဘာလ ၄ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားတဲ့ Disney ရဲ့ “Mulan” ရုပ်ရှင်ကို Apple, Google နဲ့ Roku အသုံးပြုသူတွေအနေနဲ့ အိမ်ကနေ သက်သောင့်သက်သာ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ အမေရိကန်စတူဒီယို Disney က သူတို့ရဲ့ရုပ်ရှင်ကို အဲ့ဒီ အွန်လိုင်း ပလက်ဖောင်းတွေကနေ ကော်မရှင်စနစ်နဲ့ ရောင်းချပေးမှာလည်း ဖြစ်ပါတယ်။
အခုလိုမျိုး ရောင်းချမယ့် သဘောတူညီချက်ကြောင့် အဲ့ဒီလို live-action ရုပ်ရှင်ဖန်တီးရာမှာ ကျသင့်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံငွေ တချို့ကို ကာမိစေမှာ ဖြစ်တယ်လို့ သိရပါတယ်။
Variety မီဒီယာရဲ့ သတင်းအရ ဂန္တဝင်ကာတွန်းရုပ်ရှင်ကို live-action ပုံစံနဲ့ ပြန်လည် ဖန်တီးထားတဲ့ အဲ့ဒီ ရုပ်ရှင်ကို Google Play Films, App Store နဲ့ Roku စတဲ့ အွန်လိုင်းပလက်ဖောင်းတွေကနေ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါတယ်။
အခုလ အစောပိုင်းတုန်းကတော့ Disney ဟာ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ အဲ့ဒီရုပ်ရှင်ကို ပုံမှန်ပြသပေမယ့် ရုပ်ရှင်ရုံ စနစ်မှာ COVID-19 ကြောင့် အနှောင့်အယှက်တွေ ဖြစ်ပေါ်ခဲ့ရပြီးတဲ့နောက် Streaming ပလက်ဖောင်းတွေကနေတဆင့် ရရှိနိုင်မှာဖြစ်တယ်လို့ ကြေညာထားခဲ့ပါတယ်။
ငွေဆုံးရှုံးမှုကို ကာကွယ်ဖို့ Disney ဟာ ပုံမှန် တလ Subscription အခကြေးငွေဖြစ်တဲ့ ၆ ဒဿမ ၉၉ ဒေါ်လာနဲ့အတူ စုစုပေါင်း ၂၉ ဒဿမ ၉၉ ဒေါ်လာနဲ့ အဲ့ဒီရုပ်ရှင် ဝယ်နိုင်မယ့် အခွင့်အရေးကို Subscriber တွေထံ ပေးအပ်မှာလည်း ဖြစ်ပါတယ်။
Disney စတူဒီယိုနဲ့ မိတ်ဖက်အဖြစ် ဆောင်ရွက်နေတဲ့ ပလက်ဖောင်းတွေကြား သဘောတူညီထားတဲ့ တရားဝင် ငွေကြေးပမာဏကို မသိရပေမယ့် Google နဲ့ Apple တို့ကနေ ကြားခံဆက်သွယ်ရေး အခကြေးငွေဟာ ၃၀ ရာခိုင်နှုန်းရှိပြီး Roku ကတော့ ရုပ်ရှင်ရောင်းချရငွေရဲ့ ၂၀ ရာခိုင်နှုန်းကို ပုံမှန်ရယူလေ့ ရှိပါတယ်။
Amazon ကတော့ အခုလို ရောင်းချမှုမှာ ပါဝင်လာခြင်း မရှိဘူးလို့ သိရပါတယ်။ App Store နဲ့ Google Play တို့ကနေ အဲ့ဒီရုပ်ရှင်ကို ဝယ်ယူကြမယ့်သူတွေအနေနဲ့ ၂၉ ဒဿမ ၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး အဲ့ဒီ အခကြေးငွေဟာ ရုပ်ရှင်ကြည့်ဖို့ Disney+ ရဲ့ Subscriber တွေ ပေးဆောင်ရမယ့် ငွေကြေးနဲ့ အတူတူပဲ ဖြစ်ပါတယ်။
Apple နဲ့ Google တို့ကြား ရရှိထားတဲ့ အဲ့ဒီ သဘောတူညီချက်ကြောင့် ပိုမို ကျယ်ပြန့်တဲ့ ပရိသတ်တွေထံ ရုပ်ရှင်ကို ဖြန့်ချိနိုင်မယ့်အပြင် ရင်းနှီးမြှုပ်နှံငွေ တချို့ကိုလည်း ပြန်လည် ကာမိမှာ ဖြစ်ပါတယ်။
Disney ဟာ အဲ့ဒီရုပ်ရှင်ကို အွန်လိုင်း ရောင်းချရငွေအဖြစ် ဒေါ်လာ ၃၇၅ သန်း ရရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း Variety မီဒီယာက ဖော်ပြပါတယ်။ “Mulan” ရုပ်ရှင်ကို ပြသမယ့် Disney+ မှာလည်း အဲ့ဒီ ပလက်ဖောင်းကို လွှင့်တင်ပြီး ၉ လအတွင်း အသုံးပြုသူ ၆၀ ဒဿမ ၅ သန်းအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
Ref: thejakartapost
You may also like these stories:
“Mulan” ရုပ်ရှင်ကို Disney+ မှတဆင့် ကြည့်ရှုနိုင်တော့မည်
“Mulan” ရုပ်ရှင် ပြသမယ့်ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်း
ဟောလိဝုဒ် မှုခင်းရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Donnie Yen