မင်းသား Orlando Bloom နဲ့ အဆိုတော် Katy Perry တို့ဟာ Daisy Dove Bloom လို့ခေါ်တဲ့ သမီးလေးကို မွေးဖွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီသတင်းကို UNICEF က သြဂုတ်လ ၂၆ ရက်နေ့တုန်းမှာ သူတို့ရဲ့ ဆိုရှယ်မီဒီယာအကောင့်ကနေ တင်ပေးခဲ့တာဖြစ်ပါတယ်။
သူတို့ အနုပညာ စုံတွဲနှစ်ဦးလုံးက ချစ်ကြည်ရေး သံတမန်တွေအဖြစ် ဆောင်ရွက်နေကြတဲ့ UNICEF အဖွဲ့ကနေ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အခုလိုမျိုး မိသားစုဝင် အသစ်လေး ရောက်လာတာကို နှစ်ဦးလုံးက ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။
Orlando နဲ့ Katy တို့က “ကျနော်တို့ သမီးလေးဟာ ဘေးကင်းကင်း၊ ကျန်းမာစွာနဲ့ ရောက်လာလို့ ကျနော်တို့ ချစ်ခင်၊ ပျော်ရွှင်နေကြပါတယ်။ ဒါပေမဲ့ ကျနော်တို့ဟာ ကံကောင်းတဲ့ စုံတွဲတွေဆိုတာကို သိပေမယ့် လူတိုင်းက ကျနော်တို့လို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကလေးမီးဖွားတဲ့ အတွေ့အကြုံကို မရရှိကြပါဘူး”
“COVID-19 စတင်ချိန်ကတည်းက မွေးဖွားခဲ့ကြတဲ့ ကလေးငယ်တွေဟာ ရောဂါတွေကို ကာကွယ်ပေးမယ့် ဆေးဝါး၊ ကာကွယ်ဆေး၊ ဆပ်ပြာနဲ့ ရေ မရရှိကြတာ များတာကြောင့် အန္တရာယ် ဖြစ်ခဲ့ကြပါတယ်။ မွေးဖွားခဲ့တဲ့ ကလေးငယ်တဦးရဲ့ မိသားတွေအတွက် ကျနော်တို့ဟာ နှလုံးသားတွေ ကွဲကြေရပြီး အရင်ကထက် မိဘတွေက ပိုရုန်းကန်နေရတယ်ဆိုတာကို ကျနော်တို့ ကိုယ်ချင်းစာမိပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
သမီးလေး မွေးဖွားလာတာကို ဂုဏ်ပြုဖို့အတွက် လှူဒါန်းရေး စာမျက်နှာတခုကို ထူထောင်ထားပြီး ကလေးတိုင်းအတွက် ပိုမိုကျန်းမာတဲ့ ကမ္ဘာတခုကို ပြန်လည် ပုံဖော်နိုင်ဖို့ ထောက်ပံ့ပေးမှာလို့လည်း ဆိုပါတယ်။
Daisy ဟာ အဆိုတော် Katy အတွက်တော့ ပထမဆုံး ရင်သွေးလေး ဖြစ်ပါတယ်။ မင်းသား Orlando မှာတော့ ဇနီးဟောင်း Miranda Kerr နဲ့ ရရှိခဲ့တဲ့ အသက် ၉ နှစ်အရွယ် သားလေး Flynn ကိုလည်း ပိုင်ဆိုင်ထားပြီး ဖြစ်ပါတယ်။ အဆိုတော် Katy ဟာ သူကိုယ်ဝန်ရှိနေကြောင်းကို သူ့ရဲ့ “Never Worn White” ဂီတဗီဒီယိုကနေ တဆင့် ပြီးခဲ့တဲ့ မတ်လတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပြီးတော့ ကိုယ်ဝန်ဆောင်ဖို့ ပြင်ဆင်ထားခဲ့ကြောင်းကိုလည်း Katy က “ကျမဟာ ကျမဘဝအတွက်၊ အိပ်မက်စာရင်းထဲမှာ ထည့်ထားတဲ့ ရည်မှန်းချက်တွေ အားလုံးကို လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်လို့ ကျေးဇူးတင်ပါတယ်။ ကျမရဲ့ ကိုယ်ပိုင်ဘဝထဲမှာ နေရာလွတ်တခုကို ဖန်တီးဖို့ ကြိုးစားနေခဲ့တာပါ။ ပြီးတော့ ဒီလိုမျိုး ဘဝရဲ့ အခိုက်အတန့်အသစ်လေးကို ကျမတို့နှစ်ဦးလုံး မျှော်လင့်ခဲ့ကြတာပါ” လို့ SiriusXM အစီအစဉ်မှာ ပြောဆိုထားပါတယ်။
Ref: aceshowbiz
You may also like these stories:
“Mulan” ရုပ်ရှင်ကို App Store နဲ့ Google Play တို့မှ ရောင်းချမည်
ဘောလိဝုဒ်မင်းသားကြီး အမီတာဘဂျမ်း ရုပ်ရှင်ပြန်ရိုက်ပြီ
ဗုဒ္ဓတရားတော်တွေကို ဂီတနဲ့တွဲပြီး ဖော်ပြတဲ့ ဂျပန်နိုင်ငံက ဇင်ဘုန်းကြီး