လတ်တလော လူမှုကွန်ရက် စာမျက်နှာမှာ လူကြိုက်များနေတဲ့ ဝါရင့် လူကြမ်းသရုပ်ဆောင် နှစ်ဦးရဲ့ ကွဲပြားတဲ့ ဓာတ်ပုံတွေကို ကြည့်ရတာ အရမ်းကောင်းတယ်လို့ သရုပ်ဆောင် ကိုကိုဦးက ပြောပါတယ်။
“ကိုမျိုးကြည်နဲ့ ကိုအရိုင်းမင်းကို ရိုက်ထားတာ ကောင်းတယ်ဗျာ။ ဒီကလေးတွေ အရမ်းတော်တယ်။ အိုင်ဒီယာလည်း ကောင်းကြတယ်။ ကျနော်တို့ နိုင်ငံခြားကားတွေ ကြည့်ရင် လူကြမ်းအိုက်တင်တွေ အရမ်းကြိုက်တယ်။ ကျနော်တို့လည်း အဲ့လိုမျိုး အရမ်းရူးသွပ်ခဲ့တယ်”
“ကျနော်တို့နိုင်ငံမှာက လူကြမ်းတွေကို ပြချက် မလှတာ ကျနော်တို့ကို မှန် ၁၀ ချပ်လောက် ထိုးရမယ့် နေရာမှာ ကျနော်တို့ လူကြမ်းကျ ၃ ချပ်လောက်ပဲ ထိုးတယ်။ မင်းသား၊ မင်းသမီးကျတော့ သေချာထိုးတယ်။ အဲ့ဒါတွေလည်း ကွာတယ်။ နေရာပေးမှုလည်း ကွာတယ်။ အခု ကလေးတွေ ရိုက်ပေးထားတာ ဘယ်လောက်ခန့်လဲ။ အမြင်မှာ အရမ်းခန့်ညားတယ်”လို့ ကိုကိုဦးက ပြောပါတယ်။
မြန်မာဇာတ်ကားတွေမှာ မင်းသား၊ မင်းသမီးတွေကိုသာ သေချာ ရိုက်ပြကြပြီး လူကြမ်း၊ ဇာတ်ပို့တွေကိုတော့ သေချာ ရိုက်မပြနိုင်ကြဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ မြန်မာဇာတ်ကားတွေကိုလည်း အဲ့လိုလေး ရိုက်ရင် လူကြမ်းတွေ၊ ဇာတ်ပို့တွေလည်း သူ့ဟာနဲ့သူ နာမည်လေးတွေ ရှိလာကြမယ်။ အခုက လူကြမ်းဆို ရောကောသောကော ရိုက်တာ များတယ်။ မင်းသား၊ မင်းသမီးကို ရိုက်ပြနေကြတော့ လူကြမ်းတွေ၊ ဇာတ်ပို့တွေကို သေချာ မရိုက်ပြနိုင်ဘူး”
“ကျနော် အိန္ဒိယနဲ့ တခါလောက် ရိုက်ဖူးတယ်။ သူတို့က ဖြစ်သလို မရိုက်ဘူး။ အဲ့လိုပြောတော့ ရုပ်ရှင်လောကကို စော်ကားတယ် ဖြစ်မယ်။ သူတို့ဆီမှာက အတွင်းခန်းမှာ ရိုက်ရင် Setting ဆင်ထားတယ်။ အတွင်းခန်းနဲ့ လိုက်မယ့် ပစ္စည်း မင်းသား၊ မင်းသမီးအတွက် အဝတ်အစားကအစ သေချာ ပြင်ဆင်ထားတယ်။ ဒီမှာက ကိုယ်တွေ ဇာတ်ပို့နေရာ မရှိဘူး။ ကိုယ်ပါပြီဆိုတာနဲ့ ရမ်းသန်း ဝတ်ထားပြီး ရိုက်ရတာ”လို့ ကိုကိုဦးက ပြောပါတယ်။
ဆက်လက်ပြီး “အဲ့ဒါကြောင့် မြန်မာကားတွေ သိပ်မပီပြင်ဘူးပေါ့။ ဒါလေးတွေ သတိထားစေချင်တယ်။ ကျနော်တို့ ဇာတ်ပို့ကိုလည်း ဇာတ်ပို့အလျောက် သေချာ ပီပီပြင်ပြင် ရိုက်ပေးရင် ဇာတ်ပို့အလျောက် တိုးတက်မှု ရှိမှာ။ မင်းသား၊ မင်းသမီးတော့ သေချာရိုက်ပြီး ဇာတ်ပို့ ဇာတ်ရံကျ ဖြစ်သလိုတွေ ရိုက်တာများတယ်။ အနုပညာကို ထောင့်စေ့ ခံစားရင် တော်တော်ကောင်းမှာ”လို့ ကိုကိုဦးက ပြောပါတယ်။
မြန်မာသမိုင်း မြန်မာဇာတ်ကားတွေကိုလည်း မျိုးကြည်တို့ကို ရိုက်သလို ရိုက်ရင် ကမ္ဘာကတောင် ကြည့်မှာလို့ ကိုကိုဦးက ဆိုပါတယ်။
“ကျနော့်ကိုလည်း အဲ့လို ကမ်းလှမ်းလာရင် ရိုက်မယ်။ ရိုက်ချင်တယ်။ ဟာသပဲ ကြည့်တဲ့သူ များတာကြောင့် အက်ရှင်ကားဆို မကြည့်ကြတော့ဘူး။ အက်ရှင် သိပ်မရိုက်ကြတော့ဘူး။ အချစ်ကားတွေ ရိုက်တယ်။ အချစ်ကားရိုက်လည်း သူများနိုင်ငံတွေက ပိုတောင် ရိုက်တတ်သေးတာ။ ယှဉ်မရဘူး။ မြန်မာသမိုင်း မြန်မာဇာတ်ကားတွေကို ကိုမျိုးကြည်တို့ကို ရိုက်သလို ရိုက်လို့ကတော့ ကမ္ဘာကတောင် ကြည့်မှာ”
“ကျနော်တို့ဆီမှာ အက်ရှင်ကားဆိုလည်း ဖြစ်သလို ရိုက်မယ်။ ကြည့်တဲ့သူကလည်း အဲ့လိုကားဆို အားမပေးဘူး။ ဟာသကား ပေါကားသာ ပြောနေတာ ရုံမှာတင် သူတို့ပဲ ကြည့်နေကြတာ။ ပြည်သူတွေက စီးပွားရေးတွေ မကောင်းကြတော့ စိတ်ညစ်စရာတွေ ဖြစ်နေတော့ ပေါကားလေးတွေ ဟာသကားတွေ ကြည့်မှ ပျော်ရွှင်ရမှာလေ။ အဲ့ဒါတွေလည်း ပါတယ်။ ကျနော် သုံးသပ်တာပါ။ ပရိသတ်တွေကိုလည်း လေးစားပါတယ်”လို့ ကိုကိုဦးက ပြောပါတယ်။
You may also like these stories:
“နှင်းဆီအငြိမ့်”က အလှူအတွက်ပဲ ကဖြစ်တာပါလို့ ဒါရိုက်တာ မောင်မျိုးမင်း ပြော
နာရေးကူညီမှုအသင်းမှာ လုပ်အားပေးနေတဲ့ လူကြမ်း မျိုးကြည်