ကိုဗစ် ဒုတိယလှိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာ ခံစားနေရတဲ့ ပြည်သူတွေအတွက် အားပေးစကားနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေအတွက် ဂုဏ်ယူတဲ့အကြောင်း သရုပ်ဆောင် ဒေါင်းက အခုလို ပြောခဲ့ပါတယ်။
“စစ်တွေမှာရှိတဲ့ ပြည်သူတွေ အားလုံးကို ဆုတောင်းပေးချင်တယ်။ စစ်တွေမှာ ရောက်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး ကျန်းမာ ချမ်းသာပါစေ။ ပြီးတော့ ဂုဏ်ယူပါတယ်။ ရခိုင်ပြည်နယ်က ပြည်သူတွေ အားလုံးကို ကာကွယ်စောင့်ရှောက်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ အားလုံး ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ကြပါ။ ပြည်သူတွေကိုလည်း ဂရုစိုက်ပေးကြပါ”
“အခုလိုမျိုး ကိုယ့်အသိစိတ်နဲ့ပဲဖြစ်ဖြစ်၊ တာဝန်ပေးလို့ ရောက်ရှိနေတဲ့အတွက် ပြည်သူတယောက် အနေနဲ့ တကယ်လည်း အားရ ကျေနပ် ဂုဏ်ယူမိပါတယ်။ ကြိုးစားပါလို့လည်း ပြောချင်ပါတယ်” လို့ ဒေါင်းက ပြောပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပြည်သူများကို စောင့်ရှောက်ရင်း ရောဂါပိုး ကူးစက်ခံရတာတွေ ရှိနေတာကြောင့် အကောင်းဆုံး ကျော်ဖြတ်နိုင်ပြီး ရင်ဆိုင်နိုင်ပါစေလို့လည်း ဆုတောင်းပေးခဲ့ပါတယ်။
“နောက်ပြီး ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ပြည်သူတွေကို စောင့်ရှောက်နေရင်း ရောဂါပိုး ကူးစက်ခံရတာတွေ ရှိတယ်။ သူတို့တွေအတွက်လည်း အားပေးချင်ပါတယ်။ အကောင်းဆုံး ကျော်လွှားနိုင်ပါစေ။ အကောင်းဆုံး ရင်ဆိုင်နိုင်ပါစေ။ အကောင်းဆုံး တိုက်ထုတ်နိုင်ပါစေ။ အကောင်းဆုံး ကာကွယ်နိုင်ပါစေ။ ပြည်သူတွေအတွက်လည်း ပံ့ပိုးပေးနိုင်ပါစေ” လို့ ဒေါင်းက ပြောပါတယ်။
ယခုအခါ ဖြစ်ပွားတာဟာ ဒုတိယလှိုင်း ဖြစ်တာကြောင့် ကူးစက်မှု မြန်လာတဲ့အတွက် ပိုပြီး ဂရုစိုက်ရမှာဖြစ်ပြီး တတ်နိုင်သလောက် အပြင်မထွက်ကြဖို့လည်း မေတ္တာရပ်ခံထားပါတယ်။
“ဒုတိယလှိုင်း ဖြစ်တဲ့အတွက် ရောဂါပိုးကူးစက်မှု မြန်လာတာဖြစ်တဲ့အတွက် ပိုပြီး ဂရုစိုက်ရမယ်လို့ ခံစားရပါတယ်။ အားလုံးလည်း တတ်နိုင်သလောက် ဂရုစိုက်ပြီးတော့ တတ်နိုင်သလောက် အပြင်မသွားဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ကျနော်လည်း တတ်နိုင်သလောက် အပြင်မသွားပါဘူး။ အဓိက အပြင်မသွားဖို့ အရေးကြီးတာပေါ့” လို့ ဒေါင်းက ပြောပါတယ်။
ကိုယ်တိုင်လည်း အနုပညာရှင်တယောက် သရုပ်ဆောင်တယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ အဆင်သင့်ရှိတာကြောင့် အချိန်မရွေး ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အနုပညာသမားတွေအနေနဲ့ သရုပ်ဆောင် တယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ အဆင်သင့်ရှိပါတယ်။ အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ အမြဲတမ်း အဆင်သင့် ရှိပါတယ်။ ကျနော်တို့အားလုံး အတူတကွ အခုကျရောက်နေတဲ့ လှိုင်းကြီးကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ ဒေါင်းက ပြောပါတယ်။
ဆက်လက်ပြီး “အကယ်၍ ရောဂါပိုးကူးတဲ့ ပြည်သူတွေရော၊ အကူးခံရတဲ့ ပြည်သူတွေရော၊ Quarantine ဝင်နေရတဲ့သူတွေ၊ ဆရာဝန်တွေ၊ ဆရာဝန်မတွေ၊ ကျန်းမာရေး စောင့်ရှောက်တဲ့ သူနာပြုတွေ၊ ဝန်ထမ်းတွေ အားလုံးအတွက် ကျနော် သရုပ်ဆောင်တယောက် အနေနဲ့ဖြစ်ဖြစ် အရင်တုန်းက စာဖတ်ပြတယ်။ စာဖတ်ပြတာဖြစ်ဖြစ်၊ သီချင်းဆိုပြတာပဲဖြစ်ဖြစ် တခုခုတော့ ကျနော် လုပ်နိုင်တဲ့ဘက်ကနေ လုပ်ပေးဖို့ အမြဲ အဆင်သင့် ရှိပါတယ်။ လုပ်လည်း လုပ်ပေးမှာပါ” လို့ ပြောပါတယ်။
ဒေါင်းကတော့ ဒီအကြောင်းအရာများကို သူ့ရဲ့ Facebook Page မှတဆင့် Live လွှင့်ပြီး ပြောပြထားတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID – 19 ရောဂါ ကူးစက်ခံရသူ တွေ့ရှိမှု ၅၈၆ ယောက် ရှိပြီ ဖြစ်ပါတယ်။
You may also like these stories:
“လူကြမ်းတွေကို နေရာပေး ရိုက်စေချင်တယ်”လို့ ကိုကိုဦး ပြော
နာရေးကူညီမှုအသင်းမှာ လုပ်အားပေးနေတဲ့ လူကြမ်း မျိုးကြည်
“နတ်ဝတ်စုံတွေက ကော်ပီယူ ချုပ်ထားတာ မဟုတ်ဘူး”လို့ ဒီဇိုင်နာ သျှတ္တရ ပြော