COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ ငြိမ်သက်နေရာကနေ ကူးစက်မှု မြင့်တက်လာတာကြောင့် အွန်လိုင်းကနေ ဈေးရောင်းတဲ့ အလုပ်ကို ခဏ နားထားတယ်လို့ သရုပ်ဆောင် အိတုံက ပြောပါတယ်။
“အခုချိန်မှာ အွန်လိုင်းကနေ ဈေးရောင်းတာ ခဏ ရပ်ထားတယ်။ ပထမ ကိုဗစ် ဖြစ်တုန်းကလည်း အရမ်းရောင်းနေရတာကို ခဏလေး ရပ်လိုက်တယ်။ ကိုဗစ်ဆိုတဲ့အချိန်မှာ လူတွေက ပစ္စည်း အဝတ်အစားဆိုတာ ပိုလျှံနေမှ ဝယ်ကြတာလေ။ စားဖို့သောက်ဖို့၊ အလုပ်ကိုင် အဆင်ပြေဖို့က အဓိက ဖြစ်တဲ့အတွက် ကိုယ်ချင်းစာပြီး ကိုယ်ရောင်းရင် ဝယ်နေကြမှာပဲ။ ဝယ်နေကြရင် အရမ်း ကျပ်တည်းပြီး ချင့်ချိန် သုံးရမယ့်အချိန် ဖြစ်တာကြောင့် အွန်လိုင်းကို နားထားတာပေါ့”
“နောက်ပြီးတော့ ကိုယ်ဝန်နဲ့ ဆိုတော့ ဒီရောဂါကိုလည်း ကြောက်တယ်။ ဗိုက်ကြီးသည်က သာမန်လူထက် ပိုဂရုစိုက်ရတယ် ဆိုတော့ အသွားအလာ အနေအထိုင် ဂရုစိုက်နေရပြီ။ မဖြစ်မနေ သွားနေရတဲ့သူတွေကလည်း သွားနေရမှာပဲပေါ့။ ကြောက်လည်း ဘယ်လိုလုပ်မလဲ။ ကျမ အမျိုးသားဆိုလည်း ဝန်ထမ်းဆိုတော့ ဘယ်တတ်နိုင်မလဲ သွားရတာပဲ” လို့ အိတုံက ပြောပါတယ်။
အထည်ရောင်းတာမို့ အထည်တွေကို ဝတ်ပြရင်း ထလိုက်ထိုင်လိုက် ဖြစ်နေတာကြောင့် ကလေး ကျန်းမာရေး ထိခိုက်မှာစိုးလို့ ဆရာဝန်က နားခိုင်းထားတယ်လို့ အိတုံက ဆိုပါတယ်။
“ဆရာဝန်ကလည်း နားခိုင်းနေပြီ။ အွန်လိုင်းကနေ အထည်ရောင်းတော့ ထလိုက်ထိုင်လိုက်နဲ့ လေ့ကျင့်ခန်း လုပ်သလို ဖြစ်နေတာ။ ဈေးဝယ်သူတွေကလည်း မအိတုံ ဝတ်ပြဆိုတော့ အိတုံကတော့ ပေါ့တယ်။ ဘာမှ မဖြစ်ဘူး ဝတ်ပြပြီး ရောင်းတယ်။ ကလေးအတွက်ကျတော့ မကောင်းတော့ နည်းနည်းလေး မကျန်းမာဖြစ်မှာစိုးလို့ ဆရာဝန်က နားပါ မလုပ်ပါနဲ့ဦး တောင်းပန်ထားတယ်”လို့ အိတုံက ပြောပါတယ်။
ဒုတိယကိုယ်ဝန်မှာ သားယောကျာ်းလေး လိုချင်ခဲ့ပေမယ့် သမီးလေး ဖြစ်နေတာကြောင့် သမီးလေး နှစ်ယောက် ရတော့လည်း အဖော်ရတယ်လို့ အိတုံက ဆိုပါတယ်။
“အခု ဒုတိယကိုယ်ဝန်က သမီးလေးပါ။ ကျမက သားလေး လိုချင်တာပေါ့။ ဒီကလေးလေး မွေးပြီးရင် သားကြော ဖြတ်မှာ။ ကလေးဆိုတာ မွေးပြီးရင်ကို မပြီးဘူး။ အစစအရာရာ လူတန်းစေ့ နေနိုင်အောင် သူများတန်းတူ ထားချင်တယ်။ မထားနိုင်ရင် စိတ်ဆင်းရဲရမယ်။ အဲ့အတွက် ဒီတယောက်ပြီးရင် မယူတော့ဘူးဆိုတော့ သားလေးတယောက် လိုချင်တာပေါ့။ အခု သမီးလေးဆိုတော့လည်း ညီအစ်မ နှစ်ယောက် အဖော်ပိုရတာပေါ့”
“ဒီခေတ်မှာ မွေးရတာ မလွယ်ဘူး။ အခုလို ကိုဗစ်ဖြစ်နေတာ မွေးရမှာတောင် ကြောက်တယ်။ သမီးလေးကတော့ မိန်းကလေးပဲ လိုချင်တာ။ သမီးကြီးလေးကတော့ ပျော်နေတာပေါ့။ ဗိုက်ထဲက သမီးလေးရဲ့ ထူးခြားမှုက ဈေးရောင်းရင် အကုန် ရောင်းရတယ်။ အကျိုးပေးတယ် ပြောရမယ်။ ငွေတွေ ဆိုလည်း ဝင်ဝင်လာတယ်” လို့ အိတုံက ပြောပါတယ်။
သရုပ်ဆောင် အိတုံကိုတော့ ဇာတ်ပို့၊ ဇာတ်ရံ အနေနဲ့ မြန်မာ ဗီဒီယို၊ ရုပ်ရှင်ဇာတ်ကားတွေကတဆင့် ပရိသတ်တွေ သိရှိခဲ့ကြတာပါ။ အိတုံက လက်ရှိမှာ အနုပညာအလုပ် လုပ်ကိုင်တာ နည်းပါးသွားပြီး အွန်လိုင်းကနေ Live လွှင့်ကာ ဈေးရောင်းရင်း ပရိသတ်တွေက အားပေးခဲ့ကြတာ ဖြစ်ပါတယ်။
You may also like these stories:
“နတ်ဝတ်စုံတွေက ကော်ပီယူ ချုပ်ထားတာ မဟုတ်ဘူး”လို့ ဒီဇိုင်နာ သျှတ္တရ ပြော
“လူကြမ်းတွေကို နေရာပေး ရိုက်စေချင်တယ်”လို့ ကိုကိုဦး ပြော
နာရေးကူညီမှုအသင်းမှာ လုပ်အားပေးနေတဲ့ လူကြမ်း မျိုးကြည်