တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ ဒုတိယကမ္ဘာစစ် နောက်ခံရုပ်ရှင် “The Eight Hundred” ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့မှာ ရုံတင်ပြသချိန်ကစပြီး ဝင်ငွေ ယွမ် ၁ ဒဿမ ၂ ဘီလီယံ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရုပ်ရှင်ဟာ စိတ်ခံစားချက်ကို လှုံ့ဆော်တာ၊ သမိုင်းအချက်အလက်တွေကို ပုံဖျက်ထားတာနဲ့ ဇာတ်လမ်းအကြောင်းအရာ လျော့ရဲတာတွေ ရှိတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။
၁၉၃၇ ခုနှစ်တုန်းက ရှန်ဟိုင်းမြို့ကို ကျူးကျော်လာခဲ့တဲ့ ဂျပန်တပ်ဖွဲ့တွေကို ရင်ဆိုင်ခဲ့ကြတဲ့ တရုတ်အမျိုးသားရေးဝါဒီ တပ်ဖွဲ့တွေအကြောင်း ရိုက်ကူးထားတဲ့ အဲ့ဒီရုပ်ရှင်ဟာ ပြီးခဲ့တဲ့နှစ်က ကွန်မြူနစ်ပါတီ အုပ်ချုပ်ခဲ့တဲ့ နှစ် ၇၀ ပြည့် နှစ်ပတ်လည် မတိုင်မီ ပြသဖို့ လုပ်ထားခဲ့ပေမယ့် အခုနှစ်မှသာ ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်အစိုးရက နောက်ခံပေးထားတဲ့ ပညာရှင်အဖွဲ့ Chinese Red Culture Research Association (တရုတ်အနီရောင် ယဉ်ကျေးမှု သုတေသနအသင်း) ကနေ ရုံတင်ပြသမယ့် အချိန်ဟာ မသင့်လျော်ဘူးဆိုပြီး ကောက်ချက်ချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ ရုပ်ရှင်ကတော့ IMAX ကင်မရာတွေချည်းနဲ့ပဲ ရိုက်ကူးထားတဲ့ ပထမဆုံး တရုတ်ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ထားပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၈၀ ရှိပါတယ်။ တရုတ်နိုင်ငံကို ဂျပန်တို့ ကျူးကျော်ခဲ့စဉ်က နွားနို့ ထုတ်လုပ်ဖို့ ကြိုးစားတဲ့ ရွာသားတဦးအကြောင်း ဖော်ပြထားတဲ့ “Cow” ရုပ်ရှင်ရဲ့ ဒါရိုက်တာ Guan Hu က အခုရုပ်ရှင်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဒုတိယ တရုတ်-ဂျပန် စစ်ပွဲအတွင်းက ရှန်ဟိုင်းတိုက်ပွဲကို အခြေခံထားတဲ့ အဲ့ဒီရုပ်ရှင်ထဲမှာ တရုတ်စစ်သား ၄၀၀ လောက်ဟာ ကျူးကျော်လာတဲ့ ဂျပန်စစ်တပ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တခြား အမျိုးသားရေးဝါဒီ တပ်ဖွဲ့တွေက မြို့ကနေ ဆုတ်ခွာခဲ့ကြပေမယ့် အဆုံးအထိ အဲ့ဒီစစ်သား ၄၀၀ လောက်က ခုခံကာကွယ်ခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်ရုပ်ရှင်ချစ် ပရိသတ်တွေကတော့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတုန်းက ၂၂ ကြိမ်မြောက် ရှန်ဟိုင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ အဲ့ဒီရုပ်ရှင်ကို အထူးပွဲအဖြစ် ပြသခဲ့ချိန်ကတည်းက စောင့်မျှော်နေကြတာဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ အနောက်တိုင်း စစ်ပွဲနောက်ခံ ရုပ်ရှင်တွေ ဖြစ်တဲ့ “Dunkirk” နဲ့ “Saving Private Ryan” တို့လိုမျိုး ဖြစ်တယ်လို့ ဆိုကြပါတယ်။
ဝေဖန်သူတွေကတော့ ရုပ်ရှင်ထဲမှာ ဂျပန်ကျူးကျော်လာသူတွေကို တိုက်ခိုက်ဖို့ အမျိုးသားရေးဝါဒီတပ်ဖွဲ့တွေက ပြောက်ကျားအဖွဲ့တွေနဲ့ ပူးပေါင်းခဲ့တာကို ဝေဖန် ပြောဆိုထားပါတယ်။
ဒ့ါအပြင် ဇာတ်လမ်းရဲ့ ပြသချင်တဲ့ အကြောင်းအရာက စိတ်လှုပ်ရှားမှုကို ဦးစားပေးလိုတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ တချို့တွေကတော့ ဒီရုပ်ရှင်ဟာ ဇာတ်လမ်းဆိုတာထက် ဂီတဗီဒီယို ပုံစံမျိုး ပေါက်နေတယ်လို့လည်း ဆိုပါတယ်။
COVID-19 ကြောင့် ရုပ်ရှင်ရုံတွေ ပိတ်ရတာ၊ ပြသမယ့် ဇာတ်ကားတွေကို ရွှေ့ဆိုင်းထားရတာတွေ ရှိနေတဲ့အချိန် တရုတ်နိုင်ငံမှာ “The Eight Hundred” ရုပ်ရှင်ဟာ ယွမ် ၁ ဘီလီယံနဲ့ အောင်ပွဲခံနေနိုင်တာကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ပြသမယ့် ရက်ကို ရွှေ့ဆိုင်းထားရလို့ ငွေကြေးပိုင်းဆိုင်ရာ အထိနာခဲ့တဲ့ ထုတ်လုပ်သူ Huayi Brothers အတွက်တော့ အသက်ရှုချောင်စရာ ဖြစ်ခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
ဇာတ်ဝင်ခန်းအသစ်တွေ ပါဝင်မယ့် “Once Upon a Time in Hollywood” ရုပ်ရှင်ကို ပြန်လည် ပြသမည်
တရုတ်ဈေးကွက်မှာ ဝင်ငွေအရှုံးနဲ့ ရင်ဆိုင်နေရတဲ့ “Shanghai Fortress” ရုပ်ရှင်
ဆယ်စုနှစ်တာ ကာလအတွင်း အအောင်မြင်ဆုံး ဘောလိဝုဒ်ရုပ်ရှင်အဖြစ် “Dangal” သတ်မှတ်ခံရ