ဇာတ်ပို့၊ ဇာတ်ရံများ အလုပ်အကိုင် ရှားပါးသွားချိန်မှာ မိသားစု စားဝတ်နေရေးအတွက် ထီး၊ ဖိနပ်ပြင်တဲ့ အလုပ်ကို လုပ်ကိုင်နေတဲ့ ဟာသသရုပ်ဆောင် ပါကျဲဟာ မိခင်အတွက် အလှူငွေရထားတဲ့ ပိုက်ဆံ အလိမ်ခံလိုက်ရတယ်လို့ ဆိုပါတယ်။
“ကျနော့်အမေ အသက်ရှူကျပ်လို့ အင်းစိန်ဆေးရုံ တင်လိုက်တာ ကျနော့်ဖုန်းကို အမေ ခုတင်နား အားသွင်းထားတာ။ ကျနော့်ဖုန်းကို နယ်ကနေ အလှူငွေ ၁ သိန်း ပို့လိုက်တာ။ အမေက မျက်စိ မကောင်းလို့ အဲ့နားက မိန်းမကို ဖုန်းလာတာလား၊ စာဝင်တာလား ကြည့်ခိုင်းတာ။ ပိုက်ဆံပို့မှန်းလည်း သိရော အဲ့စာကို ဓာတ်ပုံရိုက်ပြီး အဲ့ပိုက်ဆံ ၁ သိန်းကို လိမ်ယူသွားတယ်။ အမေ့ ဆေးဖိုးတွေကို ယူသွားတာဗျာ။ ကျနော်တို့ကတော့ ဘာမှမဖြစ်ဘူး”လို့ ပါကျဲက ပြောပါတယ်။
ငွေကြေးလိမ်လည်သွားသူကို စိတ်မဆိုးတဲ့အပြင် မိခင်က စိတ်ပူပေးနေတာကြောင့် မျက်ရည်ပါကျရတယ်လို့ ပါကျဲက ဆိုပါတယ်။
“အမေက စိတ်မဆိုးတဲ့အပြင် ဘယ်လောက်ထိ စေတနာကောင်းလဲဆို ယူသွားတဲ့သူ ၁ သိန်းနဲ့ လောက်ပါ့မလား မသိဘူး၊ အကြွေးတွေ ရှိလား မသိဘူးတဲ့။ အဲ့လိုပြောတာ။ အမေ အဲ့လိုပြောတော့ ကျနော် မျက်ရည် ကျတယ်။ ကျနော်ကတော့ စိတ်တွေဆိုးနေတာ။ အမေက ကိုယ်ချင်းစာတတ်တာ။ အဲ့ အမျိုးသမီး စားရဲတာကို ချီးကျူးတယ်။ ကျနော် မစားရဲဘူး။ ဒီဘဝတင် မဟုတ်ဘူး။ နောင်ဘဝထိကို ထိမှာ။ ကျနော်တို့ကတော့ မေတ္တာပဲ ထားတယ်”လို့ ပါကျဲက ပြောပါတယ်။
အခုလို COVID-19 ကပ်ရောဂါ ဖြစ်ပွားနေချိန်မှာ ခက်ခဲတဲ့ ဇာတ်ပို့၊ ဇာတ်ရံများကို ရုပ်ရှင်အစည်းအရုံးနဲ့ တတ်နိုင်သူများက လှူပေးနေတဲ့အတွက်လည်း ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးက အခုလို ဆန်တွေ၊ ဆီတွေ လှူတော့ တော်တော် အဆင်ပြေတာပါ။ အိမ်တအိမ်ရဲ့ လိုအပ်တာတွေကို ဖြည့်ပေးလိုက်တာ လူသာဓုခေါ် နတ်သာဓု ခေါ်ပါ။ လှူတဲ့ လူတွေလည်း ကျေးဇူးတင်ပါတယ်။ ကျနော် အမေ့ကို ရှာကျွေးနေတဲ့သား ဖြစ်တာကြောင့် လှူတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ အလှူရှင်တွေ ရှိမှလည်း အဆင်ပြေမှာလေ”
“အခု လှူတဲ့သူတွေလည်း လှူပေးတာ ၂ ခါ ကုသိုလ်ရပါတယ်။ ကျနော်တို့ထက် အဆင်မပြေသူကို ပြန်လှူပေးသလို ခွေးလေးတွေလည်း အစာပြန်ကျွေးပေးပါတယ်။ ကျနော်တို့ ဘဝတွေကို လှပအောင် ကူညီပေးကြတဲ့ အလှူရှင်တွေ ကျန်းမာ ချမ်းသာကြပါစေ။ လာမယ့် ဘေးတွေလည်း ဝေးပါစေ”လို့ ပါကျဲက ပြောပါတယ်။
သရုပ်ဆောင် ပါကျဲကတော့ တချိန်က ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ဟာသ သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ ထီး၊ ဖိနပ်ချုပ်တဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။
You may also like these stories:
“လူကြမ်းတွေကို နေရာပေး ရိုက်စေချင်တယ်”လို့ ကိုကိုဦး ပြော
အနုပညာရှင်တယောက် အနေနဲ့ ကူညီပေးဖို့ အဆင်သင့် ရှိနေတဲ့ ဒေါင်း