မလေးရှား ရုပ်ရှင်မင်းသမီး Tiz Zagyah ဟာ တောင်ကိုရီးယား K-pop အဖွဲ့ BTS ရဲ့ သီချင်းတပုဒ်အပေါ် မှတ်ချက်ပေးပြောကြားမှုဟာ အပြုသဘောမဆောင်တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
BTS အဖွဲ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “Dynamite” သီချင်းဟာ ကလေးကြိုက်သီချင်း ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့လို့ အဖွဲ့ရဲ့ ပရိသတ်တွေဖြစ်တဲ့ ARMY တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရာတာလည်း ဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် မင်းသမီးက Twitter မှာ အဲ့ဒီသီချင်းဟာ ၃ တန်း ကလေးတယောက် ရေးသားတဲ့ သီချင်းစာသားတွေနဲ့ တူနေကြောင်း ပြောထားတဲ့ ပို့စ်ကို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို မှတ်ချက်ဟာ BTS အဖွဲ့အပေါ် မကျေနပ်ချက်ကြောင့် ဖြစ်တယ်လို့ ယူဆကြတဲ့ ARMY တွေက မင်းသမီးဟာ သူ့ရဲ့မှတ်ချက်ကြောင့် မလေးရှားနိုင်ငံသားတွေအတွက် အရှက်ရစေပြီး စာသားက ဘာကို ဆိုလိုတယ်ဆိုတာ လေ့လာသင့်တယ်လို့ တုံ့ပြန်ခဲ့ကြပါတယ်။ မလေးရှား ပရိသတ်တဦးကတော့ BTS အဖွဲ့ဟာ မင်းသမီးထက် ပိုချမ်းသာပြီး နှလုံးသားကြင်နာတတ်တယ်လို့ ဝေဖန်ပါတယ်။
ဒါပေမဲ့ မင်းသမီး Tiz Zaqyah က ကနဦးမှာတော့ သူ့ရဲ့ မှတ်ချက်ကို ဖြုတ်ချတာမျိုး မရှိခဲ့တဲ့အပြင် အဲ့ဒီသီချင်းဟာ ကလေးတွေ အလွယ်တကူ နားလည်နိုင်စေဖို့ ဖန်တီးထားတာဖြစ်တယ်လို့ ထပ်မံ ရှင်းလင်း ခဲ့ပြန်ပါတယ်။ ဒါ့အပြင် အဖွဲ့ရဲ့ တကယ့်ပရိသတ်အစစ်တွေဟာ အကောင်းမြင် မှတ်ချက်ပြုပြီး သူ့ကို တိုက်ခိုက်နေကြသူတွေဟာ သူတို့နှစ်သက်တဲ့ အနုပညာကို ကိုယ်စားမပြုဘူးလို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ BTS အဖွဲ့ရဲ့ ပရိသတ်တချို့ကတော့ မင်းသမီးဘက်ကနေ ကာကွယ်ပြောကြားခဲ့ကြပါတယ်။ Twitter အသုံးပြုသူတဦးက မင်းသမီးရဲ့ မှတ်ချက်ကို နားလည်မှု လွဲခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။ တချို့လူတွေက BTS အဖွဲ့ရဲ့ ပရိသတ်တွေသာ ကလေးသာသာ ရှိသေးတယ်လို့ ခေါ်တာမျိုးတွေ ရှိတာ ကြောင့် ပရိသတ်တွေက ပေါက်ကွဲကြတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ မင်းသမီးဘက်ကနေ နောက်ပိုင်းမှာ အလံဖြူပြခဲ့ပြီး ပရိသတ်တွေကို ရည်ရွယ်ခဲ့တဲ့ ကလေးတွေ ဆိုတဲ့ အသုံးပြုမှုအတွက် တောင်းပန်တယ်လို့ ဆိုပါတယ်။ မကောင်းတာ တခုခုအတွက် ရည်ညွှန်းခဲ့တာမျိုး မရှိခဲ့ဘဲ ကမ္ဘာတဝန်းမှာရှိတဲ့ သန်းနဲ့ချီတဲ့ ကလေးတွေနဲ့ လူငယ်တွေရဲ့ အသိအမှတ်ပြုမှုကို ခံရမယ့် ဂုဏ်ယူစရာဖြစ်တယ်လို့ ဆိုလိုချင်ခဲ့တဲ့အကြောင်း မင်းသမီးက ရှင်းလင်းခဲ့ပါတယ်။
ဒါ့အပြင် BTS အဖွဲ့ရဲ့ ပရိသတ်တွေအားလုံးဟာ အဆိပ်အတောက် မဟုတ်ဘူးဆိုတာကို သိတယ်လို့လည်း ဆိုပါတယ်။ မင်းသမီးက “ရှင်တို့တွေထဲက တော်တော်များများနဲ့ ကျမ စကားပြောခဲ့တယ်။ ရှင်တို့ရဲ့ ကြင်နာတဲ့ စကားတွေကြောင့် ရင်မှာထိရှ ခံစားခဲ့ရတယ်။ ပြီးတော့ BTS ကို ဆန့်ကျင်တာမျိုး ကျမ ဘာမှ မလုပ်ခဲ့ဘူး” လို့ ဆိုပါတယ်။
“Dynamite” သီချင်းဟာ အင်္ဂလိပ်ဘာသာစကား သီးသန့်ဖြန့်ချိတဲ့ BTS အဖွဲ့ရဲ့ ပထမဆုံးသီချင်း ဖြစ်ပါတယ်။ သြဂုတ်လ ၂၁ ရက်နေ့၊ YouTube မှာလွှင့်တင်ခဲ့ပြီးတဲ့နောက် ပထမဆုံး ၂၄ နာရီအတွင်း ကြည့်ရှုသူ သန်း ၁၀၀ ကျော်ခဲ့တဲ့ စံချိန်ကိုလည်း တင်ထားပါတယ်။
Ref: cnalifestyle
You may also like these stories:
တရုတ်သမိုင်းကို ပုံဖျက်ထားတယ်လို့ ဝေဖန်ခံနေရတဲ့ “The Eight Hundred” ရုပ်ရှင်
ပထမဆုံး ရင်သွေးလေး မွေးဖွားခဲ့တဲ့ Orlando Bloom နဲ့ Katy Perry
“Mulan” ရုပ်ရှင်ကို App Store နဲ့ Google Play တို့မှ ရောင်းချမည်