MNTV ရုပ်သံလိုင်းမှာ လက်ရှိ ပြသနေတဲ့ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ မိုးနတ်မင်းကြီးအဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ ဦးဝင်းမြိုင်က ဧရာဝတီကို အခုလိုပဲ ပြောပါတယ်။
“မိုးနတ်မင်းကြီး နေရာက သရုပ်ဆောင်ထားတယ်။ မိုးနတ်မင်းကြီးက သက်တမ်း ရင့်လာတဲ့အတွက် နတ်သက် ကြွေတော့မယ်။ နတ်သက်ကြွေရင် နောက်တယောက်ကို တာဝန် ချိန်းပေးရမယ်။ အဲ့တော့ ဒီနေရာမှာ တော်တော်ကို အိုပေးထားတယ်။ နှုတ်ခမ်းမွေးတွေရော၊ ဆံပင်တွေရော၊ မျက်ခုံးမွေးတွေရောပါ ဖြူပေးထားတော့ ရယ်စရာဖြစ်နေတာပေါ့”
“နတ်ကြီးက အဲ့လောက် အိုရသလား ပြောနေတာတွေလည်း တွေ့တယ်။ နတ်မှာလည်း ဇာတိဇရာဆိုတာ ရှိတယ်။ လောကဒဏ်ကို လွန်ဆန်နိုင်တဲ့ အနေအထားမျိုး မရှိပါဘူး။ သူတို့ကတော့ ဇရာဆိုတာ ရှိတော့ နတ်လည်း အိုတာပေါ့။ ကလေးတွေက ကြည့်ပြီး နတ်ပြည် မသွားတော့ဘူး။ ငရဲပြည်ပဲ သွားမယ်လို့ ပြောနေတာတွေ တွေ့တယ်။ နတ်မင်းကြီးက နတ်သက်ကြွေပြီး နတ်သားအသစ်လေး ဖြစ်လာမှာ စောင့်ကြည့်ကြပါ”လို့ ဦးဝင်းမြိုင်က ပြောပါတယ်။
နတ်မင်းဝတ်စုံတွေဟာ ရှေးတုန်းက ဝတ်စားဆင်ယင်မှုနဲ့ မတူဘဲ ခေတ်မီ ဆန်းသစ်သွားတဲ့အတွက် ဝတ်စုံတွေနဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ပြောပါတယ်။
“ဒီကားအတွက် ပြင်ဆင်မှုကတော့ သရုပ်ဆောင်ပိုင်းပဲ ပြင်ဆင်ရတာပေါ့။ ဝတ်စုံတွေကို တီထွင်ဖန်တီးမှုတွေနဲ့ လုပ်ထားတာဆိုတော့ ရှေးတုန်းက ဝတ်စားဆင်ယင်မှုနဲ့ အခု ဝတ်စားဆင်ယင်မှု မတူဘဲ ခေတ်မီ ဆန်းသစ်သွားတယ်”
“အရင်တုန်းက နတ်ဝတ်စုံ ကြော်ငြာတွေတော့ ရိုက်ဖူးပါတယ်။ ရှေးတုန်းက ဇာတ်စင်တွေမှာ ကတဲ့ ဝတ်စုံမျိုးတွေနဲ့ပါ။ ဒီကားမှာ ဘယ်လိုဝတ်ရမယ်ဆိုတာ မသိခဲ့ဘူး။ ပြင်ဦးလွင်က ရိုက်ဖို့ စောင့်နေတယ်။ အဝတ်စားတိုင်းပြီး လာခဲ့ပါဆိုတော့ သွားဝတ်ကြည့်လိုက်တာ။ လှလိုက်တာ ဝတ်စုံ ဝတ်ကြည့်ရတာ အရမ်းပျော်သွားတယ်”လို့ ဦးဝင်းမြိုင်က ပြောပါတယ်။
ဝေဖန်တာတွေက ဆိုးဆိုးဝါးဝါး မဟုတ်ဘဲ ပျော်စရာကောင်းတာကြောင့် နည်းမျိုးစုံနဲ့ ဆဲတာတွေကို ဖတ်ရတာထက် ပျော်စရာကောင်းတယ်လို့ ဦးဝင်းမြိုင်က ဆိုပါတယ်။
“ခါရာတို့လည်း ကျနော်နဲ့ ကားရိုက်ဖူးတော့ အချိတ်အဆက်တွေ ရှိကြတယ်။ အရမ်းတော်ကြတယ်။ အခု ကျနော်တို့ကို ဝေဖန်တာကတော့ သိပ်ဆိုးဆိုးဝါးဝါး မရှိပါဘူး။ အပျော်လေးတွေ မန့်ကြတာဆိုတော့ ဖတ်ရတာ ပျော်စရာ ကောင်းတယ်”
“နည်းမျိုးစုံနဲ့ ဆဲတာကို ဖတ်ရတာထက် ဒီလိုမျိုးလေးတွေကို ဖတ်ရတာ ပိုကောင်းတယ်။ တမျိုးဆန်းသစ်မှုလေးတွေ လုပ်ထားတဲ့ Bonanza ကုမ္ပဏီကို ကျေးဇူးတင်ပါတယ်။ ဒီလိုကားမျိုးတွေလည်း များစွာ ဖန်တီးနိုင်ကြပါစေ။ ဒီကားလေးကိုလည်း ကြည့်ပြီး အားပေးကြဖို့ ပြောချင်ပါတယ်”လို့ ဦးဝင်းမြိုင်က ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲကိုတော့ သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ MNTV ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသနေပြီ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ခါရာ၊ မိုးယံဇွန်၊ မြတ်နိုးအေး၊ ပြည့်ဝတီမောင်၊ မေသူထွန်း၊ ထက်ဦးထွဋ်တို့ ပါဝင် သရုပ်ဆောင်ထားပြီး ရွှေရည်ရွှန်းလဲ့ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ မေဘရဏီက ရိုက်ကူးထားတာ ဖြစ်ပါတယ်။
You may also like these stories:
အနုပညာရှင်တယောက် အနေနဲ့ ကူညီပေးဖို့ အဆင်သင့် ရှိနေတဲ့ ဒေါင်း
“နတ်ဝတ်စုံတွေက ကော်ပီယူ ချုပ်ထားတာ မဟုတ်ဘူး”လို့ ဒီဇိုင်နာ သျှတ္တရ ပြော