Marvel ရုပ်ရှင်တွေထဲမှာ Black Panther အဖြစ် သရုပ်ဆောင်ခဲ့သူ၊ ကမ္ဘာကျော် လူမည်းဇာတ်ကောင်Jackie Robinson နဲ့ James Brown တို့နေရာမှာ သရုပ်ဆောင်ခဲ့သူ မင်းသား Chadwick Boseman ဟာကင်ဆာရောဂါနဲ့ သြဂုတ်လ ၂၈ ရက်နေ့မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ့ရဲ့ ကိုယ်စားလှယ်ကပြောဆိုခဲ့ပါတယ်။
သူဟာ ကွယ်လွန်ချိန်မှာ အသက် ၄၃ နှစ်ရှိပြီ ဖြစ်ပါတယ်။ မင်းသား Boseman ဟာ လော့စ်အင်ဂျလိစ်မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့ မိသားစုတွေလည်း ဘေးမှာရှိခဲ့တယ်လို့ သူ့ရဲ့ ပြန်ကြားရေးတာဝန်ခံ Nicki Fioravante က ပြောပါတယ်။
မင်းသား Boseman ဟာ ကင်ဆာရောဂါကို လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ခံစားနေခဲ့ရတာဖြစ်တယ်လို့ သူ့မိသားစုက ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
သူ့ရဲ့ မိသားစုက “စစ်မှန်တဲ့ ဖိုက်တာ တယောက်ဖြစ်တဲ့ Chadwick ဟာ အားလုံးကို ဇွဲနဲ့ဖြတ်သန်းခဲ့ပြီးခင်ဗျားတို့တွေ သိပ်နှစ်သက်သဘောကျရတဲ့ ရုပ်ရှင်တော်တော်များများကိုလည်း ရိုက်ကူးခဲ့ပါတယ်”
“Marshall” ကနေ “Da 5 Bloods” အထိ၊ August Wilson ရဲ့ “Black Bottom” အထိ ရုပ်ရှင်တွေကို မရေအတွက်နိုင်တဲ့ ခွဲစိတ်မှုတွေနဲ့ ဆေးသွင်းမှုတွေအတွင်းမှာ ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ Black Panther ထဲမှာ ဘုရင်ကြီး T’Challa အဖြစ် သူလုပ်နိုင်ခဲ့တာကို ဂုဏ်ယူနေခဲ့ပါတယ်”လို့ ထုတ်ပြန်ချက်ထဲမှာပြောဆိုထားပါတယ်။
မင်းသားဟာ သူကင်ဆာရောဂါ ခံစားနေခဲ့ရကြောင်း လူသိရှင်ကြားထုတ်ပြောခဲ့တာမျိုး မရှိခဲ့ပါဘူး။တောင်ကာရိုလိုင်းနားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ မင်းသား Boseman ဟာ Howard တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပြီးတဲ့နောက် ရုပ်သံအစီအစဉ်တွေမှာ ဇာတ်ရံအဖြစ် တော်တော်များများ သရုပ်ဆောင်ခဲ့ပါတယ်။
အဲ့ဒီနောက် သူဟာ ၂၀၁၃ ခုနှစ်မှာတော့ အဓိကမင်းသားနေရာကနေရိုက်ကူးခွင့်ရခဲ့ပါတယ်။ သူဟာ၂၀၁၃ ခုနှစ်တုန်းက “42” ရုပ်ရှင်မှာ မင်းသားကြီး Harrison Ford နဲ့အတူ ဘေ့စ်ဘောစတား Robinson အဖြစ် သရုပ်ဆောင်ခဲ့ရာကနေ ဟောလိဝုဒ်မှာ နာမည်ရလာခဲ့ပါတယ်။
မင်းသား Boseman ဟာ Major League ဘေ့စ်ဘောလိဂ်ကနေ Jackie Robinson အမှတ်တရနေ့အဖြစ်ကျင်းပနေတဲ့နေ့ တရက်တည်းမှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူ့ရဲ့ T’Challa ဇာတ်ကောင်ကို ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Captain America: Civil War” ရုပ်ရှင်မှာပထမဆုံးမိတ်ဆက်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ နှစ်တုန်းက “Black Panther” ရုပ်ရှင်ကို ဖြန့်ချိခဲ့ပြီးတဲ့နောက် “Wakanda Forever” ဆိုတဲ့ သူ့ရဲ့ ဟစ်ကြွေးသံဟာ ကမ္ဘာတဝန်းလုံးမှာ ပြောစမှတ် ဖြစ်ခဲ့ပါတယ်။
မင်းသား၊ ဒါရိုက်တာ Jordan Peele က “ဒါဟာ ထိခိုက်ဖို့ကောင်းတဲ့ ရိုက်ခတ်မှု ဖြစ်ပါတယ်”လို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာလည်း သရုပ်ဆောင်တော်တော်များများက မင်းသားရဲ့ကွယ်လွန်မှုအတွက် စိတ်မကောင်းဖြစ်မိတဲ့ အကြောင်း ပြောဆိုနေကြပါတယ်။
Ref: seattletimes
You may also like these stories:
သရုပ်ဆောင်ကြေး ပြဿနာ ကြုံနေရတဲ့ Black Panther မင်းသား Chadwick Boseman
Black Panther ဇာတ်ကောင်နေရာကနေ မကြာခင် နုတ်ထွက်တော့မယ့် Chadwick Boseman
“Black Panther 2” ရုပ်ရှင်မှာ သရုပ်ဆောင်ဖို့ Rihanna ကို မျက်စိကျနေတဲ့ Marvel