Entertainment

“ဈေးရောင်းနေတော့ ထမင်းစားဖို့ ဇာတ်ကား မရိုက်ရတော့ဘူး”လို့ နေဆန်း ပြော

“နယူးချစ်တီး”ဆိုတဲ့ ချစ်တီးထမင်းဆိုင် ဖွင့်ထားတဲ့ သရုပ်ဆောင် နေဆန်းကတော့ ဈေးရောင်းနေတဲ့အတွက် အရင်လို ထမင်းစားဖို့ ဇာတ်ကား မရိုက်ရတော့ဘူးလို့ ဧရာဝတီကို ပြောပါတယ်။

“ကိုယ့်ဝမ်းနာ ကိုယ်သာသိလေ။ အရင်က ကျနော် ထမင်းမရောင်းခင်ကဆို သရုပ်ဆောင် လုပ်ပြီးတော့ ဟိုးအရင်ကဆို မင်းသား လုပ်ရတယ်။ အခုဆိုရင် ဇာတ်ပို့ဇာတ်ရံ လုပ်ရတယ်။ ပရော်ဖက်ရှင်နယ် အနေနဲ့ လုပ်ခဲ့ရတယ်။ ကားရိုက်မှ ထမင်းစားရမှာလေ။ ကားမရရအောင် ရိုက်ရအောင် လုပ်ရတယ်။ အခုနောက်ပိုင်း ထမင်းဆိုင်လေး ဖွင့်လိုက်တော့ ဟိုဘက်ကို သိပ်အားမစိုက်ဖြစ်တော့ဘူး။ ထမင်းစားဖို့အတွက် ကားမရိုက်ရတော့ဘူး ဖြစ်သွားတာပေါ့”လို့ နေဆန်းက ပြောပါတယ်။

မင်းသားတယောက်အနေနဲ့ ရပ်တည်ခဲ့ရာမှ အသက်အရွယ်တခု ရောက်လာတဲ့အခါမှာတော့ ဇာတ်ပို့ဇာတ်ရံ တယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီး ဇာတ်ကားတွေ နည်းပါးလာတဲ့အချိန်မှာတော့ မိသားစု စားဝတ်နေရေးအတွက် ထမင်းဆိုင်ဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“တကယ့်တကယ် ဒီလောကက ဇာတ်ပို့ဇာတ်ရံတွေက ကားရိုက်ရှိမှ အဆင်ပြေမှာကို ကားရိုက် မရှိဘူးဆိုရင် တခုမဟုတ် တခု အသက်မွေးဝမ်းကြောင်း အလုပ်ကို လုပ်ရတော့မှာပဲ။ အဲ့မှာမှ အလွယ်ဆုံး လုပ်လို့ရတာက ဈေးရောင်းတဲ့ အလုပ်ပဲလေ။ ကိုယ့်ဝမ်းနာကိုယ်သာသိ လုပ်ရတော့မှာပဲ”

“ကျနော် ကံကောင်းတာက ၂ နှစ်လောက် ကြိုပြီးတော့ လုပ်လိုက်မိလို့။ မလုပ်မိဘူးဆိုရင် တခုခုတော့ ဈေးက ရောင်းရမှာပဲ။ ပြောလည်း ကိုယ်မှ သူများတွေကို မတရားလုပ်တာမှ မဟုတ်တာ” လို့ နေဆန်းက ပြောပါတယ်။

ကိုဗစ် စဖြစ်တဲ့ အချိန်ကာလများမှာ ဆိုင်ကို ၁ လခန့် ပိတ်လိုက်ရပြီး နောက်ပိုင်းမှာတော့ ပါဆယ်တွေအနေနဲ့ ရောင်းဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ပုံမှန်ပြန်ဖြစ်နေပြီလို့ ဆိုပါတယ်။

“အခုကတော့ ကျနော့်ဆိုင်က မဆိုးပါဘူး။ ဟိုအရင် ပုံမှန်ရောင်းနေကျ ပုံစံအတိုင်း ပြန်ဖြစ်လာပါပြီ။ ကိုဗစ်ကာလဖြစ်တော့ ၁ လကျော်လောက် ပိတ်လိုက်ရတယ်။ ပိတ်ပြီးတော့ ဝန်ထမ်းတွေက အသံတွေထွက်လာတော့ ပါဆယ်လေးပဲ ရောင်းလို့ရမယ်ဆိုတော့ ၁ လကျော်ပဲ ပိတ်လိုက်တယ်”

“၅ လပိုင်းမှာ ပါဆယ်လေးတွေ ပြန်ရောင်းတယ်။ အစပိုင်းကတော့ သိပ်မရောင်းရဘူး။ ရှုံးတာပေါ့။ ဝန်ထမ်းစရိတ်လေး ထိန်းမိရင် ပြီးတာပဲဆိုပြီး လုပ်နေရင်းနဲ့ Quarantine အော်ဒါလေးတွေ ရတယ်။ မရှုံးတော့ဘူးပေါ့” လို့ နေဆန်းက ပြောပါတယ်။

သရုပ်ဆောင် နေဆန်းကတော့ “နယူးချစ်တီး”ဆိုတဲ့ ချစ်တီးထမင်းဆိုင်ကို တောင်ဥက္ကလာပမြို့နယ်မှာ ဖွင့်လှစ်ရောင်းချနေတာ အခုဆိုရင် ၂ နှစ်ခန့်ရှိပြီပဲ ဖြစ်ပါတယ်။

You may also like these stories:

“နယူးချစ်တီး” ထမင်းဆိုင် ဖွင့်ထားတဲ့ သရုပ်ဆောင် နေဆန်း

Loading