“မံရုံတွေမှာလည်း သွားစစ်ပြီးပြီ။ နာမည်လည်း ပါတယ်။ မှားနေတာလည်း ရှိတယ်။ သဲကုန်းမြို့နယ်က သကန (နိုင်) နဲ့ သတန (နိုင်) တနဲ့ ကကြီး မှားနေတာလေး ပြောထားတယ်။ သူတို့ကလည်း ပြင်ပေးမယ်ပြောပါတယ်။ နိုင်ငံသားတယောက် အနေနဲ့ ကိုယ်ချစ်တဲ့ ခေါင်းဆောင်ကို ကိုယ်တတ်နိုင်တဲ့ တထောင့်တနေရာကနေ ပါဝင်ခွင့်ရချင်တယ်။ ပါဝင်ခွင့်ရအောင်လည်း လုပ်တယ်”
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကြည့်ပြီး တည်ငြိမ်စွာ ဖြတ်သန်းတာတွေကို အတူယူဖြစ်တယ်လို့ နေယံက ဆိုပါတယ်။
“အမေစုကို ဝန်းရံဖြစ်တာက အမျိုးသမီးတယောက်ဖြစ်ပြီး တိုက်ခိုက်မှုတွေ ဘယ်လိုပဲဖြစ်နေနေ ဒီအခက်အခဲတွေကို တည်ငြိမ်စွာ ဖြတ်သန်းတာတွေကို ယုံကြည်တယ်။ လေးစားတယ်။ သီလ သမာဓိကို လေးစားတယ်။ အမေစုကို ကြည့်ပြီးလည်း တည်ငြိမ်စွာ ဖြတ်သန်းတာတွေကို အတူယူ အားယူရတာတွေ ရှိပါတယ်။ အမေစုကိုတော့ ၂၀၁၅ တုန်းက ခြံထဲမှာ သွားတွေ့ဖူးတယ်။ အဲ့တုန်းက ကျနော် မျက်မှန်တောင် မချွတ်ခဲ့ရဘူး။ မျက်လုံးခွဲထားလို့ မျက်မှန်နဲ့ပဲ ဓာတ်ပုံရိုက်ခဲ့ရတယ်”လို့ နေယံက ပြောပါတယ်။
အရင်တုန်းက မဲဆွယ်စည်းရုံးပေးတာတွေ ရှိပေမယ့် အခုတော့ မဲဆွယ် စည်းရုံးပေးတာ မရှိဘူးလို့ ဆိုပါတယ်။
“မဲဆွယ် စည်းရုံးပေးတာတော့ အခု မရှိပါဘူး။ ၂၀၁၅ တုန်းကတော့ အထက်မြန်မာပြည်ဘက်ကို ဒေါင်းရယ်၊ ကျနော်ရယ်၊ ဝင့်ယမုံနိုင်ရယ်၊ သီချင်းတွေ သွားရောက် ဖျော်ဖြေဖူးတယ်။ အဲ့ဒါလောက်ပါပဲ။ ၂၀၁၅ လောက်တုန်းက ကြုံခဲ့ဖူးပါတယ်။ အဲ့ဒါကလည်း ကိုယ့်အကြောင်းတရားတွေနဲ့ ကိုယ်ပါ။ ကိုယ်လုပ်ချင်မှ ဖြစ်တာမျိုးတွေပါ”လို့ နေယံက ပြောပါတယ်။
သရုပ်ဆောင် နေယံကတော့ ယခင်က မြန်မာ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ၊ ကြော်ငြာတွေမှာ ပါဝင် သရုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ယခုအခါမှာတော့ ကိုယ်ပိုင် စီးပွားရေးအဖြစ် ဖက်ရှင် ဆိုင်ဖွင့်ကာ ပရိသတ် အားပေးမှု ရရှိထားသူ ဖြစ်ပါတယ်။