SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်ကားသစ် “Alice” ဟာ ပထမဆုံး စတင်လွှင့်တဲ့ ရက်မှာပဲ ကြည့်ရှုနှုန်း အမြင့်ဆုံး စံချိန်တင်နိုင်ခဲ့ပါတယ်။ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွဲ အမျိုးအစားဖြစ်ပြီး မင်းသား ဂျိုဝန်နဲ့ မင်းသမီး ကင်ဟီဆွန်တို့က ခေါင်းဆောင် ပါဝင်ထားပါတယ်။
Park Jin Gyeom ဟာ စုံထောက်တယောက်ဖြစ်ပြီး အမှုတခုအတွက် စုံစမ်းရင်း မိခင်ဖြစ်သူနဲ့ ရုပ်ချင်းဆင်တဲ့ အမျိုးသမီးနဲ့ ဆုံတွေ့ကြပုံကို ရိုက်ကူးထားတာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ သူဟာ အချိန်ကာလခရီးသွားခြင်း (time travel) တကယ်ရှိကြောင်းကို တွေ့လာပါတယ်။
စတင်ထုတ်လွှင့်တဲ့ ဩဂုတ်လ ၂၈ ရက်နေ့မှာတင် Public ရုပ်သံလိုင်းအကုန်လုံးမှာ ကြည့်ရှုသူ အမြင့်ဆုံး ပထမဆုံး နေရာရခဲ့တာပါ။ ဇာတ်ကား ကြည့်ရှုနှုန်းတွေကို ဖော်ပြပေးနေတဲ့ Nielsen Korea မှာ“Alice” ဟာ ပထမဆုံး အပိုင်းမှာတင် နိုင်ငံတဝှမ်း ကြည့်ရှုနှုန်း ၄ ဒဿမ ၁ ရာခိုင်နှုန်း နဲ့ ဒုတိယပိုင်းကို ၆ ဒဿမ ၁ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Yoon Tae Yi အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ကင်ဟီဆွန်ကတော့ အဆိုပါဇာတ်ရုပ်ဟာ အရင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကောင်တွေနဲ့ မတူဘဲ ကွဲထွက်နေတယ်လို့ ဆိုပါတယ်။
“ဒီဇာတ်ကားထဲမှာ အမှတ်ရဆုံး ဇာတ်ဝင်ခန်းတွေ ပြောပါဆိုရင် အက်ရှင်ပိုင်းတွေလို့ ပြောရမှာပဲ။ ကိုယ်ခံပညာအဖွဲ့နဲ့လည်း လေ့ကျင့်ခဲ့ရတယ်။ ဇာတ်ကောင် ပီပြင်အောင် ဓားကိုင်ခဲ့ရတယ်။ သေနတ်ဆိုလည်း ပထမဆုံး စကိုင်ဖူးတာပါ” လို့ သူက အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။
“အားလုံးက စိတ်ဝင်စားစရာတွေချည်းပါပဲ။ ဇာတ်ညွှန်းဆိုလည်း သေချာဖတ်တယ်။ ဘာလို့ဆို ဒီလို ဇာတ်လမ်း အမျိုးအစားမျိုး ပထမဆုံးအကြိမ် စရိုက်ဖူးတာပါ။ တခြားအမျိုးစားတူ ဇာတ်လမ်းတွေလည်း ကြည့်ဖြစ်ခဲ့တယ်။ ပရိသတ်တွေလည်း အကြိုက်တွေ့မယ်ထင်ပါတယ်” လို့ မင်းသမီး ကင်ဟီဆွန်က ဆိုပါတယ်။
အဆိုပါ ဇာတ်ကားမှာ ၁၉၉၀ ခုနှစ်ကနေ ၂၀၅၀ ခုနှစ်ထိ အချိန်ခရီးသွားပုံစံ ရိုက်ကူးထားတာဖြစ်လို့မင်းသမီး ကင်ဟီဆွန်ကို ဇာတ်ရုပ် ၂ မျိုးနဲ့ တွေ့ရမှာပါ။ မင်းသား ဂျိုဝန်အတွက်တော့ စစ်မှုထမ်းကာလအပြီး ပထမဆုံး ဇာတ်ကားလည်းဖြစ်ပါတယ်။
“ကျနော် ဇာတ်ညွှန်းကို ဖတ်ကြည့်လိုက်တာနဲ့ စိတ်ဝင်စားလို့ လက်ခံလိုက်တာပါ။ ပရိသတ်တွေလည်းကျနော်တို့ အကောင်းကြိုးစားထားတာကို မြင်တွေ့ရမှာပါ” လို့ မင်းသားက ဆိုပါတယ်။
ဒါရိုက်တာ ဘက်ဆူချန်ကတော့ သိပ္ပံစိတ်ကူးယဉ်အမျိုးအစားကို မိသားစု၊ မေတ္တာတရားတွေနဲ့ ပုံဖော်ထားတာပါ။ ပုံမှန်ဇာတ်ကားတွေနဲ့ ကွဲလွဲတယ်ဆိုပေမယ့် အရမ်းစဉ်းစားရခက်တာမျိုးတွေ မရှိပါဘူး။ ရိုးရိုးလေးပဲ ပုံဖော် ပြထားတာပါလို့ ပြောပြသွားပါတယ်။
“Alice” ဇာတ်လမ်းတွဲသစ်ကို SBS ရုပ်သံလိုင်းကနေ ဩဂုတ်လ ၂၈ ရက်နေ့ကစလို့ အပတ်စဉ်သောကြာနဲ့ စနေနေ့တိုင်း ကိုရီးယားစံတော်ချိန် ည ၁၀ နာရီခွဲမှာ ပြသပေးသွားမှာဖြစ်ပါတယ်။
Ref: Soompi
You may also like these stories:
တောင်ကိုရီးယားမှာ ရုပ်သံစီးရီးနဲ့ အစီအစဉ် ရိုက်ကူးမှုများ ရပ်နားလိုက်ပြီ
စပိန်မှုခင်းစီးရီး “Money Heist” ကို ကိုရီးယားဗားရှင်းနဲ့ ပြန်ရိုက်ကူးမည်