ဟောင်ကောင်မင်းသား ဂျက်ကီချန်းနဲ့ သူ့ရဲ့ မိသားစုတို့ဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်တခုစာ နေထိုင်ခဲ့တဲ့ တရုတ်နိုင်ငံ၊ ပေကျင်းမြို့လယ်က ဇိမ်ခံတိုက်ခန်း ၂ ခန်းကို လေလံပေးသွားမယ်လို့ သိရပါတယ်။ မြို့လယ် Dongcheng ခရိုင်မှာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ အဲ့ဒီတိုက်ခန်း ၂ ခန်းကို ယွမ် ၇၁ ဒဿမ ၉ သန်းကနေစလို့ လေလံပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
တရုတ်အင်တာနက် ကုမ္ပဏီကြီး NetEase လက်အောက်က သတင်းဌာနဖြစ်တဲ့ Qingliu Studio ကတော့ အဲ့ဒီတိုက်ခန်းတွေကို လေလံပေးတဲ့ ဝက်ဘ်ဆိုက်မှာ စာရင်းသွင်းထားပြီး မင်းသားတို့ မိသားစုဟာ အဲ့ဒီတိုက်ခန်းတွေမှာ ၂၀၀၇ ခုနှစ်ကနေစလို့ နေထိုင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခန်း နှစ်ခန်းပေါင်း အကျယ်အဝန်းဟာ ၁၂၁၇ စတုရန်းမီတာရှိပြီး အိပ်ခန်း ၆ ခန်း၊ ဧည့်ခန်း ၃ ခန်း ရှိတယ်လို့ ဆိုပါတယ်။ ကာလတန်ဖိုး ယွမ် သန်း ၁၀၀ ရှိတယ်လို့လည်း သိရပါတယ်။ အဲ့ဒီတိုက်ခန်းတွေဟာ ပေကျင်းမြို့ရဲ့ ဒုတိယ မြို့ပတ်လမ်းမကြီးထဲက လူနေအိမ်ဝန်းတွေ ရှိရာ Dongzhimen Inner Street ထဲမှာ ရှိတာ ဖြစ်ပါတယ်။
အဲ့ဒီ တိုက်ခန်းတွေ ရောင်းချမှုကို စက်တင်ဘာလ ၂၈ ရက်နေ့ကစလို့ စတင်မှာ ဖြစ်ပြီး အဆိုပါ လေလံ ဝက်ဘ်ဆိုက်ကို အသုံးပြုသူ ၆၀၀ လောက်က စာရင်းပေးထားတယ်လို့လည်း သိရပါတယ်။
Qingliu Studio ရဲ့အဆိုအရ Beijing Yujia Real Estate ဟာ ၂၀၀၇ ခုနှစ် နှောင်းပိုင်းတုန်းက အဲ့ဒီတိုက်ခန်းတွေကို မင်းသား ချန်းထံ ယွမ် ၃၃ ဒဿမ ၆ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး Yujia Real Estate နဲ့ ပရိုမိုးရှင်း လုပ်ငန်းအတွက် ရတဲ့ အခကြေးငွေ တစိတ်တပိုင်းနဲ့ ဝယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီ သတင်းရဲ့ အဆိုအရ မင်းသားတို့ မိသားစုဟာ အဲ့ဒီနေရာမှာ ဆယ်စုနှစ်တခုကျော် နေထိုင်ခဲ့ကြပေမယ့် ပိုင်ဆိုင်ခွင့် အထောက်အထားတွေ မင်းသားဆီ တရားဝင် လွှဲပြောင်းပေးခဲ့ခြင်း မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
အဲ့ဒီနောက် ပေကျင်းအိမ်ခြံမြေ developer ဖြစ်တဲ့ Tenhong Real Estate Group ကနေ အကြွေးအငြင်းပွားမှုနဲ့ ပတ်သက်ပြီး Yujia Real Estate ကို ဖြေရှင်းမှုဆောင်ရွက်ပေးဖို့ တရားရုံးထံ တောင်းဆိုခဲ့ပါတယ်။ တရားရုံးကတော့ မင်းသားဝယ်ယူခဲ့တဲ့ အိမ် ၂ လုံးအပါအဝင် တခြားပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့ အမိန့်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။
မင်းသား ဂျက်ကီချန်းဟာ တရုတ်ပြည်မကြီးမှာ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်နဲ့ အဆိုတော်တဦး ဖြစ်ပေမယ့် နိုင်ငံရေးအမြင်တွေကြောင့် ဟောင်ကောင်မှာတော့ ဝေဖန်မှုတွေ ခံနေရသူလည်း ဖြစ်ပါတယ်။ ပြည်မကြီးမီဒီယာတွေရဲ့အဆိုအရ ပေကျင်းမှာရှိတဲ့ အဲ့ဒီအိမ်ဟာ မင်းသားရဲ့ သားဖြစ်သူ Jaycee Chan က ဆေးခြောက်ပိုင်ဆိုင်မှုနဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကိုခံခဲ့ရပြီးတဲ့နောက် မီဒီယာရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်၊ သြဂုတ်လမှာတော့ Jaycee Fong Cho Ming လို့ သိကြတဲ့ Jaycee Chan ဟာ ထိုင်ဝမ်မင်းသား Ko Chen-tung နဲ့အတူ မူးယစ်အမှုအတွက် အဖမ်းခံခဲ့ရပါတယ်။ အဲ့ဒီနောက် ဆေးခြောက်အသုံးပြုမှု၊ တခြားသူများကို မူးယစ်ဆေး သုံးစွဲနိုင်စေဖို့ နေရာပေးမှုတို့နဲ့ Jaycee Chan ဟာ ၆ လ ထောင်ချခံခဲ့ရပြီး မင်းသား Ko Kai ကတော့ ၁၄ ရက် ထိန်းသိမ်းခံခဲ့ရပါတယ်။
Ref: asiaone
You may also like these stories:
တရုတ်သမိုင်းကို ပုံဖျက်ထားတယ်လို့ ဝေဖန်ခံနေရတဲ့ “The Eight Hundred” ရုပ်ရှင်
“Black Panther” မင်းသား Chadwick Boseman ကွယ်လွန်
ပထမဆုံး ရင်သွေးလေး မွေးဖွားခဲ့တဲ့ Orlando Bloom နဲ့ Katy Perry