အနောက်တိုင်းဂီတလောကရဲ့ အထင်ကရဆုပေးပွဲ တပွဲဖြစ်တဲ့ MTV Video Music Awards ဆုပေးပွဲကို သြဂုတ်လ ၃၀ ရက်နေ့တုန်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပခဲ့ပြီး ဆန်ခါတင် ဆု ၉ ခု ဝင်ထားတဲ့ အဆိုတော် လေဒီဂါဂါက MTV Tricon ဆု အပါအဝင် ဆု ၅ ဆုကို ရရှိခဲ့ပါတယ်။
ထူးခြားချက်အနေနဲ့ကတော့ အခုလို COVID-19 ကပ်ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ လေဒီဂါဂါဟာ နှာခေါင်းစည်း Mask တွေကို ဖက်ရှင်ကျကျ မရိုးရအောင် ဝတ်ဆင်ခဲ့တာ တွေ့ရပါတယ်။ ဆုပေးပွဲအတွင်း ဆုလက်ခံရယူချိန်နဲ့ ဖျော်ဖြေတင်ဆက်ချိန်မှာ ဖက်ရှင်ကျတဲ့ နှာခေါင်းစည်းတွေကို ဝတ်ဆင်ပြသခဲ့ပြီး အဲ့ဒီအကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများခဲ့ပါတယ်။
Reynolds Wrap ကုမ္ပဏီကနေ စပွန်ဆာပေးထားတယ်လို့ ယူဆရတဲ့ အဲ့ဒီနှာခေါင်းစည်းတွေထဲက အထူးခြားဆုံးလို့ ဆိုရမယ့် နှာခေါင်းစည်းတခုကို “တနှစ်တာအတွက် အကောင်းဆုံးအနုပညာရှင်ဆု” နဲ့ TRICON ဆုတွေကို လက်ခံရယူချိန်မှာ ဝတ်ဆင်ခဲ့တာ တွေ့ရပါတယ်။
ဒါ့အပြင် အဆိုတော် Ariana Grande နဲ့အတူ “Rain on Me” သီချင်းကို တင်ဆက်နေတဲ့အချိန်မှာလည်း အမြင်ဆန်းတဲ့ နှာခေါင်းစည်းကို ဝတ်ဆင်ခဲ့တာ တွေ့ရပါတယ်။
နောက်ထပ် ထူးခြားတဲ့ နှာခေါင်းစည်းကတော့ ချိုပေါက်နေတဲ့ နှာခေါင်းစည်းပုံစံဖြစ်ပြီး “တနှစ်တာအတွက် အကောင်းဆုံး သီချင်းဆု”ကို ရယူခဲ့တဲ့အချိန်မှာ ဝတ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် လေဒီဂါဂါဟာ “Best Collaboration” ဆုနဲ့ “Best Cinematography” ဆုတွေကိုလည်း ရရှိခဲ့ပါတယ်။
ထူးခြားချက် နောက်တခုကတော့ ဒီနှစ်မှာ လေဒီဂါဂါဟာ ဂုဏ်ပြုဆုတဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကတော့ MTV VMAs ဆုပေးပွဲရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုလို့ ဆိုနိုင်မယ့် TRICON ဆုပဲ ဖြစ်ပါတယ်။ ရုပ်ရှင်နယ်ပယ်၊ ဂီတနယ်ပယ်နဲ့ ပရဟိတနယ်ပယ်တွေမှာ ထိပ်တန်းအောင်မြင်သူကို ချီးမြှင့်တဲ့ဆုကို လေဒီဂါဂါက ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
“အကောင်းဆုံး ဂီတဗီဒီယိုဆု” ကိုတော့ ကနေဒါအဆိုတော် The Weeknd က “Blinding Lights” ဂီတဗီဒီယိုနဲ့ ရရှိခဲ့ပါတယ်။
Ref: CNN
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ပရဟိတ အစီအစဉ်ကို ထုတ်လွှင့်မယ်လို့ လေဒီဂါဂါ ကြေညာ
မကြာမီ Single သီချင်းသစ် ဖြန့်ချိဖို့ ရှိနေတဲ့ အဆိုတော် လေဒီဂါဂါ
Instagram မှာ ချစ်သူကို တရားဝင် ပြသလိုက်တဲ့ လေဒီဂါဂါ