COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာတာကြောင့် မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းစားလို့တောင် မရဘူးလို့ သရုပ်ဆောင် ကိုကိုဦးက ဧရာဝတီကို ပြောပါတယ်။
“ကိုဗစ်က ပိုးတွေ့တဲ့သူတွေလည်း ရှိတော့ ကျန်းမာရေးကတော့ ဂရုစိုက်ရမယ်။ ပထမဖြစ်တော့ အကုန်လုံး စီးပွားရေးတွေ ထိခိုက်ကြတယ်။ အခု အလုပ်တွေ ပြန်လုပ်ရတော့ ဝမ်းသာနေတာ။ အခု ပြန်ဖြစ်နေတော့ စိုးရိမ်ရတယ်။ အရင်ကတည်းကလည်း အနုပညာက မကောင်းပါဘူးဆိုမှ ထပ်ပြီး ဒီလိုတွေ ဖြစ်လာတော့ ကျနော်တို့ ဘယ်လောက်ထိ ရင်ဆိုင်ရမလဲ”
“မိသားစုအတွက် စားဝတ်နေရေး ဘယ်လိုရင်ဆိုင်ရမလဲ စဉ်းစားလို့တောင် မရဘူး။ ဈေးရောင်းရင်ရော ဈေးရောင်းတဲ့သူက များနေတော့ ဘာတွေ ရောင်းရမလဲ စဉ်းစားရင်း ရင်မောတယ်။ ကျနော် စီးနေတဲ့ ကားအနက်ကို ရောင်းပြီး Taxi ပြောင်းထားတယ်။ Taxi မထွက်ရဘူးဆိုရင် တိုင်ပတ်ပြီပေါ့။ နောက်ဆုံး အဆင့်တော့ ငှက်ပျောသီး ရောင်းရမယ် ထင်တယ်”လို့ ကိုကိုဦးက ပြောပါတယ်။
သားဖြစ်သူ သီဟအောင်ရဲ့ အနုပညာကြေးတွေနဲ့ မိသားစု စားဝတ်နေရေး အဆင်ပြေနေတယ်လို့ ကိုကိုဦးက ဆိုပါတယ်။
“သားလေးကြောင့် နည်းနည်းတော့ အဆင်ပြေနေတယ်။ သူ့အနုပညာ လမ်းကြောင်းကလည်း ခက်ခဲတယ်လို့ ကျနော် မြင်တယ်။ သူ ရွှေကြိုကနေ အောင်မြင်လာတယ်။ သူ အောင်မြင်လာတဲ့အလျောက် မိဘကို ရှာကျွေးနေတယ်။ နာမည်လေး ရခါစမှာ ကိုဗစ်က ဖြစ်လိုက်တော့ အလုပ်က ရပ်သွားတယ်။ သူလျှောက်ချင်တဲ့ အနုပညာလမ်းက ကိုဗစ်ပြီးမှပဲ ဆက်လျှောက်လို့ရမယ်”
“အခု ရောဂါတွေ ဖြစ်နေသေးတော့ အနုပညာကို ဘယ်လိုဆက်လျှောက်ရမလဲပေါ့။ သားလေးရဲ့ ကြော်ငြာ ရိုက်ထားတဲ့ ပိုက်ဆံတွေနဲ့ စားနေတာ။ သူ့ကို အားကိုးပြီး အဆင်ပြေနေတာပေါ့။ ကိုဗစ် မြန်မြန်ပျောက်သွားပါစေပဲ ဆုတောင်းနေရတယ်။ ကျောင်းတက်ရအောင်လည်း ကျောင်းက ပိတ်တော့ ကျောင်းလည်း မတက်ရ၊ အနုပညာလည်း လုပ်မရနဲ့ ယောင်လည်လည် ဖြစ်နေမှာတော့ စိုးတယ်”လို့ ကိုကိုဦးက ပြောပါတယ်။
Mask မတပ်ဘဲ ပေါ့ပေါ့ဆဆ နေနေကြတာ တွေ့ရသေးကတာကြောင့် မပေါ့ဆကြဖို့လည်း ကိုကိုဦးက အခုလိုပဲ ပြောပါတယ်။
“အရင် ကိုဗစ်ထက် စာရင်တော့ အခု ကိုဗစ်က ပိုကူးတာ မြန်တယ် ဆိုရမယ်။ တွေ့တဲ့သူတွေလည်း များတော့ စိုးရိမ်မှုတွေ အများကြီး ရှိတယ်။ ကိုယ်တိုင် အပြင်သွားရင်လည်း သေချာ ဂရုစိုက်ဖို့ လိုတယ်။ ပြန်လာရင်လည်း ဂရုတစိုက်လုပ်ဖို့ လိုတယ်။ ကျနော် တွေ့တာတော့ နည်းနည်း ပေါ့နေကြသေးတယ်”
“သူတို့မှ မဟုတ်ပါဘူး။ ကိုယ်တိုင်လည်း ပေါ့နေသေးတယ်။ တခါတလေ Mask မတပ်ချင်ဘူး။ အသက်ရှုကြပ်လို့။ ပေါ့ပေါ့ဆဆတော့ မနေကြပါနဲ့။ ကျန်းမာရေးဌာနက ညွှန်ကြားချက်အတိုင်းလိုက်နာကြပါ။ ပိုးတွေ့လူနာတွေ များလာတာကြောင့် မပေါ့ဆကြပါနဲ့”လို့ ကိုကိုဦးက ပြောပါတယ်။
You may also like these stories:
“ဈေးရောင်းနေတော့ ထမင်းစားဖို့ ဇာတ်ကား မရိုက်ရတော့ဘူး”လို့ နေဆန်း ပြော
“မိုးနတ်မင်းကြီးကို စောင့်ကြည့်ပေးကြပါ”လို့ ဦးဝင်းမြိုင် ပြော
မိခင်ရဲ့ဆေးဖိုး အလှူငွေတွေ အလိမ်ခံရလိုက်တဲ့ ပါကျဲ