Entertainment

“မိုးအောင်ရင် ရုံးချိန်း ပျက်ကွက်မှုတွေကြောင့် အားလုံး နစ်နာတယ်”လို့ ခင်မြတ်နိုးပြော

Want create site? Find Free WordPress Themes and plugins.

သရုပ်ဆောင် မိုးအောင်ရင်အား ရည်းစာဟောင်းဖြစ်သူ ခင်မြတ်နိုးမှ ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုထားတဲ့ အမှုကတော့ ရုံးချိန်းများ စစ်ဆေးနေတာ အချိန် ၁ နှစ်နီးပါး ရှိပြီဖြစ်ပြီး မိုးအောင်ရင်ရဲ့ရုံးချိန်း ပျက်ကွက်မှုများကြောင့် ဆုံးရှုံးနစ်နာတာတွေ အများကြီးပဲလို့ တရားလိုဖြစ်သူ ခင်မြတ်နိုးက ပြောပါတယ်။

“အမှုက အရမ်းကြာနေပြီ။ စီမံချက်နဲ့ ရက်ပေါင်း ၁၆၀အတွင်း အပြီးစစ်မယ် ပြောထားတဲ့ဟာ၊ ကြားထဲမှာလည်း ကိုဗစ်ဖြစ်တာကြောင့် ကြာသွားတာလည်း ပါတယ်။ အခု စစ်ဖြစ်တဲ့အချိန်မှာ သူတို့ဘက်ကနေ ရုံးချိန်းတွေ ပျက်နေတယ်။ သူ့ဘက်ကလည်း ပျက်တယ်။ ရှေ့နေကလည်း တိုက်နေတာကြောင့် ပျက်တယ်။ တော်တော်ကြာနေပြီပေါ့” လို့ ခင်မြတ်နိုးက ပြောပါတယ်။

ဆက်လက်ပြီး “ဘာကြောင့်ပျက်နေလဲတော့ နားမလည်ဘူး။ ရုံးချိန်းတိုင်းကို ပျက်နေတာ။ အချိန်တော့တော်တော်ကြာတယ်။ ဆုံးရှုံးနစ်နာတာတော့ အများကြီးပဲ။ အချိန်ရောပြီးတော့ စိတ်ပင်ပန်း၊ လူပင်ပန်းနဲ့ ဒီဟာကို အမှန်တရားအတွက် ရင်ဆိုင်နေရတဲ့ဟာဆိုတော့ အားလုံးအတွက် နစ်နာပါတယ်။ တရားရေးရော၊ ဘာရော အားလုံး နစ်နာပါတယ်။ အမှုအမှန်ပေါ်လေ ပိုပြီးတော့ အဆင်ပြေပါတယ်” လို့ ခင်မြတ်နိုးက ပြောပါတယ်။

ဒီကနေ့ ရုံးချိန်းမှာလည်း မိုးအောင်ရင်ဘက်မှ ကျန်းမာရေးကိစ္စတခုကြောင့် လူကိုယ်တိုင် လာရောက်ခွင့်တိုင်ခဲ့တာကြောင့် မစစ်ဆေးဖြစ်ခဲ့ဘူးလို့ သိရပါတယ်။

“ဒီမနက် ၉ နာရီခွဲ ချိန်းတယ်။ သူ့ရှေ့နေ လာတယ်။ သူ့ရှေ့နေလည်း မသိဘူး ပြောတယ်။ သွားဆေးခန်း သွားတယ်။ ဆေးခွင့် တင်မယ်။ ခွဲစိတ်မှုလုပ်ဖို့ သွားတယ်လို့ ပြောတယ်။ အဲဒါကြောင့် ရုံးက ခွင့်ပေးတယ်။ ဆေးခွင့်ပြန်လာတင်ပေးပါလို့ ပြောတယ်”

“၁၁ နာရီ ပြန်လာတင်ပေးမယ်လို့ ပြောတော့ စောင့်နေတာပေါ့။ ပြန်လာတင်တဲ့အချိန်ကျတော့ ခွဲစိတ်မှုလုပ်တာ မဟုတ်ဘူး။ သူ့ရှေ့နေကိုလည်း တဖက်က သူ့ရဲ့ ဦးလေးတော်တဲ့သူက ပြောပေးတာ။ စကားအသုံးအနှုန်းက မှားသွားတယ်လို့ ပြောတာပဲ။ တကယ်တော့ သွားနုတ်တာကို သွားပြတယ်လို့ ပြောတာပဲ” လို့ ခင်မြတ်နိုးက ပြောပါတယ်။

စွပ်စွဲခံရသူ မိုးအောင်ရင် တင်ပြတဲ့ ဆေးစာမှာ ရုံးချိန်း မလာရောက်နိုင်အောင် ကျန်းမာရေးအခြေအနေမဆိုးရွားနေတာကြောင့် နောက်ရုံးချိန်းများမှာ ပျက်ကွက်ပါက တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ယနေ့ရုံးချိန်းမှာ စွပ်စွဲခံရသူ မိုးအောင်ရင်က သူ့ရဲ့ကျန်းမာရေးအတွက် ခွင့်တင်ပြခဲ့ပါတယ်။ ဒါပေမဲ့လည်း သူ့ကျန်းမာရေးအခြေအနေက ရုံးကို မလာရောက်နိုင်လောက်အောင် ဆိုးရွားတဲ့ အခြေအနေမဟုတ်ကြောင်းကို သူ့ရဲ့ဆေးစာမှာလည်း ပေါ်ပေါက်နေတဲ့အတွက် နောက်ရုံးချိန်းတွေမှာ ပျက်ကွက်မှုမရှိဖို့နဲ့ ပျက်ကွက်ပါက တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်းကို အမှုစစ်တရားသူကြီးကသတိပေးထားပါတယ်” လို့ ရန်ကင်းမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးထွန်းနိုင်ဝင်းက ပြောပါတယ်။

လက်ရှိမှာတော့ တရားလိုဖြစ်သူ ခင်မြတ်နိုးကို စစ်ဆေးပြီးဖြစ်ပြီး မိုးအောင်ရင်ဘက်ကို စစ်ဆေးရန်ကျန်ရှိနေတာကြောင့် ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် မိုးအောင်ရင်ကိုတော့ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် တရားစွဲဆိုခဲ့တာဖြစ်ပြီး မိုးအောင်ရင် အနေနဲ့ ငွေကျပ် သိန်း ၁၀၀ အာမခံနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

You may also like these stories:

ယနေ့ ရုံးချိန်းမှာ မိုးအောင်ရင်ကို စတင် စစ်ဆေး

“မိုးအောင်ရင် အမှုကို တရားရေးက မှန်မှန်ကန်ကန် ဆုံးဖြတ်မယ်လို့ ယုံကြည်တယ်”

မိုးအောင်ရင်ဘက်မှ သက်သေများအား ရုံးချိန်း ၇ ချိန်းဖြင့် စစ်ဆေးမည်

Did you find apk for android? You can find new Free Android Games and apps.
Loading