Entertainment

ကြော်ငြာခေါ်ရိုက်ပေးလို့ ဖြူဖြူထွေးကို ကျေးဇူးတင်နေတဲ့ ပါကျဲ

အနုပညာလုပ်ငန်းတွေ နည်းပါးချိန်မှာ ဖြူဖြူထွေးက ကြော်ငြာခေါ်ရိုက်ပေးတာကြောင့် အရမ်းကျေးဇူးတင်တယ်လို့ ဟာသ သရုပ်ဆောင် ပါကျဲက ဆိုပါတယ်။

“ကျနော်တို့ တတိုင်းပြည်လုံး ချစ်နေတဲ့ ပရဟိတ ဖြူဖြူထွေးက ကျနော့်ကို ခေါ်ရိုက်တယ်။ ပိုက်ဆံလည်း ပေးတယ်။ ဆန်၊ ဆီ၊ ဆားလည်း ပေးတယ်။ အရမ်း ကျေးဇူးတင်တယ်။ ဖြူဖြူထွေးလေးက အလှူအတန်းကိုတော့ အံ့မခန်းပါပဲ။ သူ့ကို သာဓု အကြိမ်ကြိမ် ခေါ် ပါတယ်။ ကျနော်တို့ ဇာတ်ပို့ ဇာတ်ရံတွေ၊ ကိုလူချောတွေ၊ သက်ကြီးတွေ ကန်တော့တယ်။ ထမင်း ကျွေးတယ်။ ကျေးဇူးတင်တယ်”

“သူ့ကို ဝေဖန် တိုက်ခိုက်နေတဲ့သူတွေကိုလည်း စေတနာထားတယ်။ အဲ့လို မင်းသမီးမျိုးကတော့ ရှားပါတယ်ဗျာ။ ပြောလည်း ပြောခံနိုင်တယ်။ လှူလည်း လှူတယ်။ စိတ်မဆိုးတတ်ဘူး။ နောက်တာ ပြောင်တာ တော့ ရှိမှာပေါ့။ အပြစ်ယူလို့ မရဘူး။ သူ့ကို ဘုရားရှိခိုးတိုင်း ဆုတောင်းပေးပါတယ်။ ဇာတ်ကားတွေလည်း ခေါ်ရိုက်နိုင်ပါစေ။ သူလည်း ဇာတ်ကားတွေ ကြော်ငြာတွေ အများကြီး ရိုက်ရပါစေ”လို့ ပါကျဲက ပြောပါတယ်။

ဖြူဖြူထွေးကို ဝေဖန်နေကြတဲ့သူတွေကိုလည်း မလှူနိုင်ရင် မဝေဖန်ပါနဲ့လို့ ပါကျဲက ဆိုပါတယ်။

“ဖြူဖြူထွေးကို ဝေဖန်နေကြတဲ့သူတွေ မလှူနိုင်ရင် မဝေဖန်ပါနဲ့။ သူလှူတာကို သာဓုခေါ်လိုက်ပါ။ သူတို့က ဖြူဖြူထွေးနဲ့ မကြုံဖူးလို့ပါ။ သူ အလုပ်ကို ဘယ်လောက် လေးစားလဲ ကျနော်တို့ပဲ သိတယ်။ အလုပ်နဲ့ လှူတာ မရောဘူး။ လှူတာလည်း ကြက်သီးထလောက်အောင်ပါပဲ။ သူက လှူလေ နောက်ပစ္စည်းတွေက ရောက်လာလေပဲ။ အလုပ်ကိုလည်း လေးစားတယ်”

“ပရိသတ်ကိုလည်း တတန်းတည်းပဲ ဆက်ဆံတယ်။ ခွဲခြား ဆက်ဆံတာ မရှိဘူး။ ဆင်းရဲလည်း ဒါပဲ၊ ချမ်းသာလည်း ဒါပဲ။ သူနဲ့ မပတ်သတ်ဖူးလို့ပါ။ လှူလည်း ဘာမှ ပကာသနမှ မရှိဘူး။ အလုပ်လုပ်နေချိန်မှာ လာကြည့်တဲ့သူတောင် သူက ဂရုစိုက်တယ်”လို့ ပါကျဲက ပြောပါတယ်။

ဆက်လက်ပြီး လုပ်ငန်းရှင်တွေအနေနဲ့ ဖြူဖြူထွေးနဲ့ ယုန်လေးကို အလုပ်အပ်စေချင်တယ်လို့ ပါကျဲက ဆိုပါတယ်။

“လုပ်ငန်းရှင်တွေ ဖြူဖြူထွေးနဲ့ ယုန်လေးကို အလုပ်အပ်ကြပါ။ သူ့ကို အလုပ်အပ်ရင် ကျနော်တို့ကို ပြန်ကြည့်တဲ့အတွက် ကျနော်တို့ စားဝတ်နေရေး အဆင်ပြေပါတယ်။ ကိုယုန်လေးကို အလုပ်အပ်ရင်လည်း ကုသိုလ်ရပါတယ်။ ယုန်လေး နောက်မှာ မှီခိုနေတဲ့ မိဘမဲ့ကျောင်းတွေ ရှိတယ်။ သူ မလှူနိုင်ရင် အခက်အခဲ ရှိတယ်။ အဲ့ဒါကြောင့် လုပ်ငန်းရှင်တွေ အလုပ်ကြပါ။ ယုန်လေးလည်း ဝန်းရံကြပါ”

“ယုန်လေးကို အနုပညာသမားတယောက်အနေနဲ့ ချစ်တာ။ ကျန်တဲ့ အစိတ်အပိုင်း ကျနော် စိတ်မဝင်စားဘူး။ သူဖြစ်သွားတာတော့ ဖြစ်သွားတာပေါ့။ ဘယ်တတ်နိုင်မလဲ”လို့ ပါကျဲက ပြောပါတယ်။

သရုပ်ဆောင် ပါကျဲကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာ ဟာသ သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပြီး လက်ရှိမှာတော့ ထီး၊ ဖိနပ်ချုပ်တဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။

You may also like these stories:

စားဝတ်နေရေးအတွက် အွန်လိုင်းမှာ ဆန်ရောင်းနေတဲ့ လူရွှင်တော် ကံပွင့်

Stay Home နေရင်း Tiktok ရိုက်လာကြတဲ့ အနုပညာရှင်များ

“ရိုက်ကူးရေးတွေ ပြန်စမှာကို စိုးရိမ်မိတယ်”လို့ ကောင်းစံ ပြော

Loading