Entertainment

စာချုပ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး မင်းသမီး ဖန်ပင်းပင်း တရားစွဲခံရ

တရုတ် မင်းသမီး ဖန်ပင်းပင်းဟာ အခွန်ရှောင် အရှုပ်တော်ပုံပြီးတဲ့နောက် ၂ နှစ်ကြာတဲ့အထိ အမှုအခင်း အရှုပ်အထွေးတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က တရုတ်မီဒီယာရဲ့ ဖော်ပြချက်အရ ဖျော်ဖြေရေးလောကထဲ အပြည့်အ၀ ပြန်မလာနိုင်သေးတဲ့ မင်းသမီး ဖန်ဟာ Le Vision Pictures ကုမ္ပဏီရဲ့ တရားစွဲဆိုမှုကို ခံထားရပြီး လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ ကြားနာမယ်လို့ သိရပါတယ်။

Le Vision ကုမ္ပဏီဟာ မင်းသမီး ဖန်နဲ့ သူ့ရဲ့ မိခင် Zhuang Chuanmei တို့ လက်အောက်က Wuxi Aimeishen Movie & Culture ကုမ္ပဏီကို တရားစွဲဆိုထားတာ ဖြစ်တယ်လို့ တရုတ် တရားရုံးများဆိုင်ရာ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

တရုတ်မီဒီယာတွေရဲ့ အဆိုအရ အဲ့ဒီအမှုဟာ မင်းသမီး ဖန်၊ အဆိုတော် Kris Wu နဲ့ ဟောင်ကောင်မင်းသား William Chan တို့ ပါဝင်ထားကြတဲ့ “L.O.R.D: Legend Of Ravaging Dynasties 2” ရုပ်ရှင်နဲ့ ပတ်သက်လို့ တရားစွဲဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Le Vision ဟာ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ ပြသဖို့ စီစဉ်ထားခဲ့တဲ့ အဲ့ဒီ ရုပ်ရှင်အတွက် ရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။ မင်းသမီး ဖန်ဟာ အခွန်ရှောင်တိမ်းဖို့ “Yin နဲ့ Yang” စာချုပ်တွေ လို့ခေါ်ကြတဲ့ ကိစ္စတွေနဲ့ ဆက်စပ်ပြီး ၂၀၁၈ ခုနှစ် မေလမှာ စွပ်စွဲခံခဲ့ရတာကြောင့် ရုပ်ရှင်ပြသမယ့်ရက်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။

အဲ့ဒီနောက် မင်းသမီးဟာ လပေါင်းများစွာကြာ ပရိသတ် မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီး အခွန်ရှောင်ခဲ့တယ်လို့ တရုတ် အခွန်အာဏာပိုင်တွေက စစ်ဆေး တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီနောက် ဆိုရှယ်မီဒီယာပေါ် ပြန်ရောက်ရှိလာခဲ့ပါတယ်။

မင်းသမီးဟာ အခွန် ရက်လွန်ကြေးနဲ့ ဒဏ်ကြေးတွေအဖြစ် ယွမ် သန်း ၈၀၀ ကျော် ပေးဆောင်ဖို့ အမိန့်ချခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ မင်းသမီးဟာ တရုတ်မင်းသား Wu Xiubo ရဲ့ လက်အောက်မှာ ရှိတဲ့ ကုမ္ပဏီတခုရဲ့ တရားစွဲဆိုမှုကို ခံခဲ့ရတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Khorgos Buer Culture Media ဟာ “Legend Of Ba Qing” ရုပ်သံစီးရီးနဲ့ “Sky Hunter” ရုပ်ရှင်တွေနဲ့ ဆက်စပ်လို့ စာချုပ်ပိုင်းဆိုင်ရာ အငြင်းပွားမှုတွေကြောင့် နစ်နာကြေးတောင်းခံနေတာ ဖြစ်ပါတယ်။

“Legend Of Ba Qing” စီးရီးဟာ မင်းသမီး ဖန်နဲ့ တရုတ်မင်းသား Gao Yunxiang တို့ ပါဝင်ထားကြတဲ့ စိတ်ကူးယဉ် သမိုင်းနောက်ခံ ဒရာမာ ဖြစ်ပါတယ်။ အဲ့ဒီစီးရီးကို ၂၀၁၈ ခုနှစ်၊ ဧပြီလမှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားခဲ့ပေမယ့် မင်းသား Gao ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စွပ်စွဲချက်နဲ့ သြစတြေးလျနိုင်ငံမှာ ၂၀၁၈ ခုနှစ် မတ်လအတွင်း အဖမ်းခံခဲ့ရပြီးတဲ့နောက် ပြသဖို့ ဖျက်သိမ်းခံခဲ့ရပါတယ်။

ဒါ့အပြင် မင်းသမီးဖန်ရဲ့ ခင်ပွန်းလောင်းဖြစ်ခဲ့တဲ့ Li Chen က ဒါရိုက်တာအဖြစ် ပါဝင်ပြီး သူတို့နှစ်ဦးလုံး ပါဝင်သရုပ်ဆောင်ထားကြတဲ့ “Sky Hunter” ရုပ်ရှင်ဟာလည်း ဘဏ္ဍာရေးဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာလ ၁၆ ရက်နေ့မှာ အသက် ၃၉ နှစ်ပြည့်မယ့် မင်းသမီး ဖန်ကတော့ အဲ့ဒီအမှုတွေကြောင့် တုန်လှုပ်သွားပုံ မရပါဘူး။

မင်းသမီးဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက် နှောင်းပိုင်းတုန်းက ဒါရိုက်တာ Jia Zhangke ရဲ့ အနုပညာပြပွဲကို တက်ရောက်ခဲ့တဲ့ ဓာတ်ပုံတွေ Weibo မှာ တင်ခဲ့ပါတယ်။

Ref: straitstimes

You may also like these stories:

Billboard Single Chart မှာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ BTS အဖွဲ့

မင်းသား ပတ်ဘိုဂွန်း ရေတပ်မှာ စစ်မှုတာဝန် ထမ်းဆောင်ပြီ

MTV ဆုပေးပွဲမှာ Mask တွေ ဖက်ရှင်ကျကျ ဝတ်ဆင်ခဲ့တဲ့ လေဒီဂါဂါ

Loading