COVID–19 ဒုတိယလှိုင်းအဖြစ် ရခိုင်ပြည်နယ်မှာ ကူးစက်မှုနှုန်း မြန်နေတဲ့အပေါ်မှာ ရခိုင်တိုင်းရင်းသားတဦးဖြစ်တဲ့ အဆိုတော် သားငယ်ကတော့ ရခိုင်ပြည်နယ်ကြီး ကိုဗစ် ကပ်ရောဂါကို အကောင်းဆုံးကျော်ဖြတ်နိုင်မှာပါလို့ အားပေးစကား ဆိုထားပါတယ်။
“ကျနော်တို့ COVID-19 ရောဂါကပ်ဆိုးကြီး ကူးစက်မှုနှုန်း ရခိုင်ပြည်နယ်မှာ အရမ်းမြန်နေတယ်။ ကျနော်တို့ကို အများကြီး အားပေးထားတဲ့ ပြည်နယ်သူ ပြည်နယ်သား အားလုံးကိုလည်း ကျနော်တို့က ကျေးဇူးအများကြီးတင်ပါတယ်။ ဒီအချိန်မှာ ကျနော်တို့ လုပ်ပေးနိုင်တာက ကျနော်တို့ အားပေးနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ဓာတ်ခွန်အားတွေ ရဖို့အတွက်ကို ကျနော်က တတ်နိုင်တဲ့ဘက်က အားပေးကူညီလိုက်ပါတယ်”လို့ သားငယ်က ပြောပါတယ်။
ရခိုင်ပြည်သူပြည်သားတွေအနေနဲ့ ဌာနဆိုင်ရာ ပြည်နယ်အစိုးရဲ့ ညွှန်ကြားမှုများကို လိုက်နာ ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း အခုလို ပြောပါတယ်။
“အခုဖြစ်ပွားနေတဲ့ COVID-19 ရောဂါပိုးနဲ့ ပတ်သက်ပြီးရင် ဌာနဆိုင်ရာ ပြည်နယ်အစိုးရရဲ့ ညွှန်ကြားမှုအောက်မှာ ရခိုင်မြို့နယ်သူ မြို့နယ်သားများ လိုက်နာဆောင်ရွက်ဖို့ အဓိက ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ မဖြစ်မနေ အပြင်ထွက်ဖို့ဆိုရင် Mask တပ်ဖို့ လိုအပ်ပါတယ်။ လူတွေနဲ့ ၆ ပေအကွာမှာ နေဖို့လိုအပ်ပါတယ်”
“အပြင်ကပြန်လာတယ်ဆိုရင် လက်တခုတည်း မဟုတ်ဘဲနဲ့ တကိုယ်လုံးကို ရေချိုးလိုက်ရင် ပိုကောင်းပါတယ်။ အဲ့လိုတွေ ကာကွယ်ရင် ၉၉ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်အရ သိရပါတယ်”လို့ သားငယ်က ပြောပါတယ်။
အတည်ပြုလူနာများအနေနဲ့လည်း စိတ်ဓာတ် မကျစေရန် ၊ အားမငယ်ကြစေရန်လည်း အားပေးထားပါတယ်။
“အတည်ပြုလူနာတွေအနေနဲ့ လုံးဝ စိတ်ဓာတ်မကျဖို့၊ လုံးဝ အားမငယ်ဖို့ကိုလည်း ကျနော်က အားပေးချင်ပါတယ်။ ဒီရောဂါဖြစ်တိုင်း သေနိုင်တာ မဟုတ်ပါ။ ပြန်ကောင်းလာတဲ့သူတွေ ကျနော်တို့ မြန်မာနိုင်ငံမှာ အများကြီး ရှိပါတယ်။ အဓိကကတော့ ကိုယ်ခံအားကောင်းအောင် နေရင် လူကြီးတွေအတွက်က ကြောက်ဖို့ မကောင်းဘူးလို့ ကြားဖူးပါတယ်” လို့ သားငယ်က ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့အတူ ရှိပြီး စေတနာ့ဝန်ထမ်း၊ ကျန်းမာရေးဝန်ထမ်းများကို ကျေးဇူးတင်တဲ့အကြောင်းလည်း အခုလို ပြောခဲ့ပါတယ်။
“စေတနာ့ ဝန်ထမ်းတွေ၊ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း လေးစားပါတယ်။ ကျေးဇူးလည်း အများကြီးတင်ပါတယ်။ ကျနော်တို့ ဒီရောဂါကို အကောင်းဆုံး ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့အားလုံး ရခိုင်ပြည်နယ်နဲ့ အတူတူ ရှိပါတယ်”
“ရခိုင် တမျိုးသားလုံးသာမက မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အားလုံး ကိုဗစ်ရောဂါအန္တရာယ်မှ ကင်းဝေးပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ” လို့ သားငယ်က ပြောပါတယ်။
သားငယ်ကတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ အိမ်ထောင်စု ၂၀ အတွက် ငွေကျပ် ၅ သိန်းကို ရန်ကုန်မြို့၊ တာမွေမြို့နယ် အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော်ထံသို့ ပေးအပ် လှူဒါန်းခဲ့ပါတယ်။ အဆိုပါ အကြောင်းအရာများကိုတော့ သားငယ်က သူ့ရဲ့ Facebook မှတဆင့် ရခိုင်ဘာသာဖြင့် ပြောခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
အနုပညာရှင်တယောက် အနေနဲ့ ကူညီပေးဖို့ အဆင်သင့် ရှိနေတဲ့ ဒေါင်း
“ရခိုင်ပြည်နယ်မှာ ကူးစက်မှု မြင့်တက်လာတာ စိတ်မကောင်းဘူး”
“ဈေးရောင်းနေတော့ ထမင်းစားဖို့ ဇာတ်ကား မရိုက်ရတော့ဘူး”လို့ နေဆန်း ပြော