Entertainment

တရုတ် သိပ္ပံစိတ်ကူးယဉ် ဝတ္ထုကို ကမ္ဘာကျော် ရုပ်ရှင်စီးရီး ဖန်တီးသူတွေ ထုတ်ရိုက်မည်

နာမည်ကျော် ရုပ်သံစီးရီး “Game Of Thrones” ရဲ့ ဖန်တီးသူတွေ၊ ကမ္ဘာကျော် Star Wars ရုပ်ရှင်ဒါရိုက်တာ Rian Johnson နဲ့ မင်းသား ဘရက်ပစ်တို့ဟာ တရုတ် သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် အတွဲ တခုအတွက် ပူးပေါင်းလိုက်ကြတယ်လို့ Netflix က စက်တင်ဘာလ ၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

စာရေးသူ Liu Cixin ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်တွဲ ၃ ခုဖြစ်တဲ့ “The Three-Body Problem” ဟာ ကမ္ဘာကျော် ဗီဒီယို streaming ကုမ္ပဏီကြီးရဲ့ နိုင်ငံတကာ စီးရီးတခုအနေနဲ့ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီ ဝတ္ထုကတော့ ဂြိုဟ်သားတွေနဲ့ လူသားတို့ ပထမဆုံး ထိတွေ့မှုအကြောင်း ဖော်ပြထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။

“Game Of Thrones” ဖန်တီးသူတွေဖြစ်ကြတဲ့ David Benioff နဲ့ DB Weiss တို့က “Liu Cixin ရဲ့ ၃ ကားတွဲ ဇာတ်လမ်းဟာ ကျနော်တို့ ဖတ်ခဲ့ဖူးသမျှ သိပ္ပံစိတ်ကူးယဉ် စီးရီးတွေထဲမှာ အကောင်းမွန်ဆုံးဖြစ်ပြီး စကြဝဠာကြီးရဲ့ အတော်လေးဝေးကွာတဲ့ နေရာတခုကနေ ကျနော်တို့ရဲ့ အပြာရောင်ကမ္ဘာကြီးပေါ် သက်ရှိတွေ ရောက်ရှိလာပုံကို ၁၉၆၀ ပြည့်လွန်နှစ်တွေကနေ ယနေ့ခေတ်အထိ ဖြတ်သန်းလာခဲ့သမျှ ခရီးကို စာဖတ်သူတွေ ရှုစားခဲ့ကြရပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

သူတို့ နှစ်ဦးလုံးက အခု ဇာတ်လမ်း တခုလုံးကို ဇာတ်ညွှန်း ပူးတွဲရေးသားကြမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၇ ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ Star Wars ရုပ်ရှင် “The Last Jedi” ရဲ့ ဒါရိုက်တာ Rian Johnson နဲ့ မင်းသား ဘရက်ပစ်ရဲ့ Plan B Entertainment တို့က အမှုဆောင် ထုတ်လုပ်သူတွေအဖြစ် ပါဝင်လာကြမှာလည်း ဖြစ်ပါတယ်။ နာမည်ကျော် တရုတ်သိပ္ပံ စိတ်ကူးယဉ် ဝတ္ထုရေးသူ Liu က အဲ့ဒီ ကမ္ဘာ့အဆုံးသတ် စီးရီးဟာ လူသားမျိုးနွယ်ရဲ့ ကံကြမ္မာကို ထည့်တွက် စဉ်းစားကြဖို့ နိုင်ငံတွေ၊ ယဉ်ကျေးမှုနဲ့ လူမျိုးတွေကို ပေါင်းစည်းပေးမှာ ဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။

တရုတ်အမျိုးသမီး အာကာသ ရူပဗေဒပညာရှင်တဦးက ဂြိုဟ်သားတွေနဲ့ ထိတွေ့မှုအကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပြီးတဲ့နောက် ယဉ်ကျေးမှု တော်လှန်ရေး ဖြစ်ပေါ်လာခဲ့ပြီး ကမ္ဘာတဝန်းလုံးက ဂြိုဟ်သားတွေရဲ့ ကျူးကျော်မှုကို စိုးရိမ်မှုတွေဖြစ်ခဲ့တဲ့အကြောင်း ပြန်လည် ဖော်ပြထားပါတယ်။

အဲ့ဒီဇာတ်လမ်း ၃ ခုတွဲ ဝတ္ထုနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတဟောင်း ဘားရက် အိုဘားမားက ကွန်ဂရက် လွှတ်တော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စိတ်မပူဘဲ ဂြိုဟ်သားတွေ ကျူးကျော်လာမယ့်အကြောင်းကိုပဲ စိတ်ပူမိတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။

ဝတ္ထုဆရာ Liu ရဲ့ နောက်ထပ် ဇာတ်လမ်းတခုဖြစ်တဲ့ “The Wandering Earth” ကို ရုပ်ရှင်အဖြစ် ဖန်တီးပြီး ပြီးခဲ့တဲ့နှစ်မှာ ပြခဲ့ရာမှာတော့ ရုံဝင်ငွေ အထူးကောင်းမွန်ခဲ့တာကို တွေ့ရပါတယ်။ အဲ့ဒီရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ သန်း ၆၉၀ ရရှိခဲ့ပြီး နိုင်ငံတွင်း ဝင်ငွေအများဆုံး ရုပ်ရှင်ကား ဖြစ်လာခဲ့ပါတယ်။

Ref: straitstimes

You may also like these stories:

3D စနစ်နဲ့ ပြန်လည်ပြသတဲ့ ဟယ်ရီပေါ်တာရုပ်ရှင် တရုတ်မှာ အောင်မြင်မှုရရှိ

“Mulan” ရုပ်ရှင်ကို App Store နဲ့ Google Play တို့မှ ရောင်းချမည်

တရုတ်သမိုင်းကို ပုံဖျက်ထားတယ်လို့ ဝေဖန်ခံနေရတဲ့ “The Eight Hundred” ရုပ်ရှင်

Loading