COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာတာကြောင့် ကိုယ်တိုင်လည်း စိုးရိမ်နေသလို ပရိသတ်တွေလည်း ဂရုစိုက်ပြီးနေစေချင်တယ်လို့ သရုပ်ဆောင် မင်းသူက ဧရာဝတီကို ပြောပါတယ်။
“ကိုဗစ် ပထမဖြစ်တုန်းကတော့ ပြည်တွင်း ကူးစက်မှု မရှိဘဲ ပြည်ပက ပြန်လာတဲ့သူတွေ ဖြစ်တာ များတယ်။ ကြားထဲမှာလည်း ထိန်းသိမ်းနိုင်ခဲ့တော့ ထိန်းထိန်းသိမ်းသိမ်းလေး ဖြစ်သွားတယ်။ အခု နည်းနည်းကြာမှ ထပ်ဖြစ်လာတာ ပြည်တွင်း ကူးစက်မှုက အယောက် ၉၀ ကျော်လောက် ဖြစ်လာတော့ စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်လာတာပေါ့။ ကိုယ်တိုင်လည်း စိုးရိမ်နေသလို ပရိသတ်တွေလည်း ဂရုစိုက်ပြီး နေစေချင်တယ်”လို့ မင်းသူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်မှု စတွေ့စဉ်ကလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း လိုက်နာပြီး နေခဲ့ပေမယ့် နည်းနည်းကြတော့ ပေါ့ဆမိခဲ့တယ်လို့ ဆိုပါတယ်။
“ပထမတုန်းကလည်း အပြင်ထွက်ရင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာဖို့ ညွှန်ကြားထားတဲ့အတိုင်း နေကြတယ်။ အဲ့တိုင်း နေနေရာက ကြားထဲမှာ နည်းနည်း ပေါ့သွားတယ်။ ကိုယ်တွေလည်း အဲ့ထဲမှာ ပါသွားတယ်”
“ဒုတိယလှိုင်း ပြန်လာတော့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာနေကြပါလို့ တိုက်တွန်းချင်တယ်။ အခုချိန် ပိုကြောက်ဖို့ ကောင်းတော့ သတိရှိရှိနဲ့ပဲ နေကြပါ။ လူကြားထဲ သွားရင်လည်း သတိ ဝီရိယရှိရှိနဲ့ပဲ သွားကြပါ”လို့ မင်းသူက ပြောပါတယ်။
သရုပ်ဆောင် မင်းသူရဲ့ မိသားစု Quarantine ဝင်သွားပြီဆိုတဲ့ ကောလာဟလ သတင်းတွေ တက်လာတဲ့အပေါ် လည်း အခုလိုပဲ ဆိုပါတယ်။
“ကျနော် လတ်တလော ဖြစ်သွားတာလေးတခု ရှိတယ်။ ဟိုနေ့က ရုပ်ရှင်အစည်းအရုံးမှာ လာလှူတဲ့ အဖွဲ့ တဖွဲ့က အန်တီကြီး တယောက်က စစ်တွေက ပြန်ပြီး အဲ့ကို လာလိုက်တာ ကျနော်တို့နဲ့ ပုံ တွဲရိုက်လိုက်တာ ကိုကောင်းကျော်နဲ့ တွဲရိုက်လိုက်တဲ့ ပုံတင်လိုက်တယ်။ အန်တီကတော့ ဆေးစစ်ချက် အောင်ပါတယ်”
“ကျနော်တို့နဲ့ မိသားစုကို Quarantine ဝင်သွားပြီဆိုပြီး လိုင်းမှာ တင်ထားတယ်။ မဟုတ်မမှန် သတင်းတွေ တင်လိုက်တော့ ကျနော်နဲ့ ကျနော် ပတ်ဝန်းကျင် တခုလုံး စိတ်ဆင်းရဲမှုတွေ ဖြစ်သွားတယ်။ ကျနော်တို့သာ ကူးရင် ကျနော်တို့နဲ့ ထိစပ်နေတဲ့ ရပ်ကွက်ထဲက မိတ်ဆွေတွေ၊ အနုပညာမောင်နှမတွေ၊ မီဒီယာတွေ အကုန်ကူးမှာ။ အဲ့ဒါကြောင့် မဟုတ်တဲ့ သတင်းတွေ မတင်ကြပါနဲ့”လို့ မင်းသူက ပြောပါတယ်။
ဆက်လက်ပြီး မင်းသူက COVID-19 ဖြစ်နေတဲ့သူတွေ အပေါ်လည်း ကိုယ်ချင်းစာမိပြီး အခုလို အားလုံး ထိတ်လန့်နေချိန်မှာ အခုလို သတင်းမှားတွေ မတင်သင့်ဘူးလို့ ဆိုပါတယ်။
“ဖြစ်နေတဲ့ သူတွေကိုလည်း ကိုယ်ချင်းစာမိတယ်။ မဟုတ်မမှန်သတင်းတွေ မတင်ကြပါနဲ့။ အခုလို အထိတ်တလန့်နဲ့ ကြောက်နေကြချိန်မှာ သတင်းတင်မယ်ဆိုရင်လည်း တိကျခိုင်လုံတဲ့ သတင်း မဟုတ်ဘဲ စိတ်ကူးထဲ ကိုယ်ထင်တာကို လေ့လာစုံစမ်းခြင်း မလုပ်ဘဲ ရေးတာတော့ မလုပ်သင့်ဘူး။ နောက်ပြီးလည်း မတင်သင့်ပါဘူး။ တင်တဲ့သူကိုတော့ ဘာမှလုပ်သွားမှာ မဟုတ်ပါဘူး”
“မဟုတ် သတင်းတွေတော့ မတင်ပါနဲ့လို့ ပြောချင်တယ်။ ကျန်းမာရေးဝန်ကြီးဌာနက သတင်းတွေသာ ယုံကြပါ။ ကောလာဟလ သတင်းတွေကိုလည်း မယုံကြည်ကြပါနဲ့။ တင်တဲ့သူတွေကလည်း ကိုယ်ချင်းစာကြပါ”လို့ မင်းသူက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၉၃၈ ဦး တွေ့ရှိထားပြီး စက်တင်ဘာလ၂ ရက်နေ့ ထုတ်ပြန်ချက်အရ ရောဂါပိုးကင်းစင်လာသူ ၃၅၇ ဦး၊ သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
You may also like these stories:
ကြော်ငြာခေါ်ရိုက်ပေးလို့ ဖြူဖြူထွေးကို ကျေးဇူးတင်နေတဲ့ ပါကျဲ
“မိသားစု စားဝတ်နေရေးအတွက် ဘယ်လိုရင်ဆိုင်ရမလဲ စဉ်းစားလို့ မရဘူး”
“ဈေးရောင်းနေတော့ ထမင်းစားဖို့ ဇာတ်ကား မရိုက်ရတော့ဘူး”လို့ နေဆန်း ပြော