နိုင်ငံသားတိုင်း ဆန္ဒမဲပေးကြရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖန်တီးရေးသားထားတဲ့ “ဆန္ဒမဲပေးကြမည်” သီချင်းကို သီချင်းကို အဆိုတော် လေးဖြူ သီဆိုထားတယ်လို့ သိရပါတယ်။
“မိတ်ဆွေများ ရောဂါကပ်ဆိုးမှ ကျော်လွှား လွတ်မြောက်နိုင်ပါစေလို့ အရင်ဆန္ဒပြုပါတယ်။ နိုင်ငံမှာ COVID-19 ရောဂါကို ရင်ဆိုင်တွန်းလှန်နေကြရချိန်မှာပဲ နိုင်ငံကို ဦးဆောင်မယ့် အစိုးရကို ရွေးချယ် တင်မြှောက်ပေးကြရမယ့် အချိန်ကာလကလည်း ဆိုက်ရောက်လာခဲ့ပါတယ်”
“ကမ္ဘာတဝှမ်းလုံးလည်း ဒီအတိုင်းပဲ နိုင်ငံများစွာ တညီတည်း ဒီအဖြစ်နဲ့ ကြုံတွေ့နေရပါတယ်။ ဒီတော့ ကျနော်တို့လည်း ရွေးကောက်တင်မြှောက်ပွဲကို ဆန္ဒမဲ ပေးကြရပါမယ်။ ဒီအတွက် “ဆန္ဒမဲပေးကြမည်” ဆိုတဲ့ သီချင်းကို လေးဖြူက သီဆိုပေးထားပါတယ်”လို့ သီချင်းဖန်တီးသူ ဒီဇိုင်းမျိုးဆွေသန်းက ဆိုပါတယ်။
ဒီသီချင်းဟာ လူတဦးတယောက်၊ ပါတီအသင်းအဖွဲ့ တဖွဲ့အတွက်ကို မရည်ရွယ်ဘဲ နိုင်ငံသားအားလုံးအတွက် ရည်ရွယ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ဘယ်ပါတီကိုမဆို ဆန္ဒမဲ ပေးနိုင်ပါတယ်။ လူတဦးတစ်ယောက်၊ ဘယ်ပါတီ အသင်းအဖွဲ့ တဖွဲ့အတွက်လို့ မဟုတ်မူဘဲ နိုင်ငံသားအားလုံးအတွက် ရည်ရွယ်ရင်း ဖြစ်ပါတယ်။ ကျနော်တို့ဟာ ငြိမ်းချမ်းတဲ့ပြည်ထောင်စုနိုင်ငံတော်ကို အလိုရှိကြပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်မာစွာရပ်တည်ပြီး တခုတည်းသော အလံတော်ရဲ့အောက်ကနေ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနဲ့ အတူ ယဉ်ကျေးတဲ့ ခေတ်ကမ္ဘာထဲကို လိုက်ပါလိုကြပါတယ်” လို့ ဒီဇိုင်း မျိုးဆွေသန်းက ပြောပါတယ်။
ဆက်လက်ပြီး “နိုင်ငံနဲ့ လူမျိုးကို ရှေ့တန်းရောက်အောင် ပို့ဆောင်ပေးမယ့် နိုင်ငံခေါင်းဆောင်ကို လိုအပ်ပါတယ်။ အခုလို ဆန္ဒမဲပေးပြီး ကိုယ့်ခေါင်းဆောင်ကို ရွေးချယ်ခွင့်ရခဲ့ကြတာ ကာလ မကြာမြင့်သေးတဲ့အတွက် အခု ဆန္ဒမဲပေးကြရခြင်းဟာ ကိုယ့်အခွင့်အရေးအတွက်သာမကပဲ နိုင်ငံသားတယောက်ရဲ့ တာဝန်တရပ် ဖြစ်တယ်လို့ ခံယူကြတဲ့အပြင် နိုင်ငံအတွက် လိုအပ်တယ်လို့ ထင်တဲ့အတွက် ကျနော်တို့ ဆုံမှတ်မှာ ကျရောက်တဲ့ နေရာကနေ ဆန္ဒမဲပေးကြမည် ဆိုတဲ့ သီချင်းလေးကို ဖန်တီးခဲ့ကြခြင်းဖြစ်ပါတယ်” လို့ ဒီဇိုင်း မျိုးဆွေသန်းက ဆိုထားပါတယ်။
“ဆန္ဒမဲပေးကြမည်” သီချင်းကိုတော့ ဒီဇိုင်း မျိုးဆွေသန်း၊ လေးဖြူ နဲ့ ပြည့်ဖြိုးအောင်တို့က ရေးသားထားတာဖြစ်ပြီး လေးဖြူက သီဆိုထားတာ ဖြစ်ပါတယ်။
“ပုဂံအတွက် ပထမနိုင်ငံတော် ဆိုတဲ့ သီချင်းလေးကို ဖန်တီးပေးခဲ့ကြတဲ့ ၃ ယောက်ပဲ ဖြစ်ပါတယ်။ ကျနော်၊ လေးဖြူ၊ ကိုပြည့်ဖြိုးအောင်တို့က ရေးသားပြီး လေးဖြူက သီဆိုပါတယ်။ ကိုချစ်စမ်းမောင် တယောက်တည်းက ဂစ်တာ တီးခတ်ပေးထားပြီး PTL Studio မှာ အခု Mixing နဲ့Master ပြုလုပ်နေပါတယ်” လို့ ပြောပါတယ်။
ဒီသီချင်းကိုတော့ မကြာမီ ရက်ပိုင်းအတွင်းမှာ မျိုးဆွေသန်းရဲ့ Facebook အကောင့်မှာ တင်ပေးသွားမှာဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်းကိုလည်း အသိပေးထားပါတယ်။
“ရက်ပိုင်းအတွင်းမှာ ကျနော့်ရဲ့ Facebook အကောင့်ကနေ (ဆန္ဒမဲပေးကြမည်) သီချင်းကို တင်ပေးသွားပါ့မယ်။ သီချင်း Track တင်ပေးတဲ့အခါ ဆန္ဒမဲပေးကြမည် ဆိုတဲ့ ရည်ရွယ်ချက်အတွက် နိုင်ငံသားမည်သူမဆို၊ မည်သည့် အသင်းအဖွဲ့ပါတီ မဆို မည်သည့် အသံလွှင့်ဌာန မဆို လွတ်လပ်စွာ အသုံးပြုနိုင်ပါကြောင်းလည်း အသိပေးအပ်ပါတယ်” လို့ ဒီဇိုင်း မျိုးဆွေသန်းက ပြောပါတယ်။
ဒီအကြောင်းအရာများကိုတော့ ဒီဇိုင်း မျိုးဆွေသန်းက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှတဆင့် အသိပေးပြောကြားထားတာပဲ ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ် Negative အဖြေ ထွက်ခဲ့တဲ့ ဒီဇိုင်နာ သျှတ္တရတို့ မိသားစု
“ကိုယ်တိုင်လည်း စိုးရိမ်သလို ပရိသတ်တွေကိုလည်း ဂရုစိုက်စေချင်တယ်”
“ရခိုင်ပြည်နယ်ကြီး ကိုဗစ်ရောဂါကို အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ”