ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ သူ့ရဲ့ အမေရိကန်နိုင်ငံသူဇနီး မီဂန်တို့ဟာ အစီအစဉ် အမျိုးအစား အစုံကို ထုတ်လုပ်ဖို့အတွက် Netflix နဲ့အတူ နှစ်ပေါင်းများစွာ လက်တွဲမယ့် စာချုပ်တခုကို ချုပ်ဆိုလိုက်ကြပြီလို့ Netflix ကုမ္ပဏီကနေ စက်တင်ဘာလ ၂ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာမြို့ကို သားတော်လေး Archie နဲ့အတူ ပြောင်းရွှေ့ခဲ့ကြတဲ့ သူတို့ ဇနီးမောင်နှံ နှစ်ဦးဟာ မှတ်တမ်းရုပ်ရှင်တွေ၊ မှတ်တမ်းစီးရီးတွေ၊ Feature ရုပ်ရှင်တွေ၊ ရုပ်သံအစီအစဉ်တွေနဲ့ ကလေးကြိုက်အစီအစဉ်တွေ ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။
သူတို့ဇနီးမောင်နှံက “ကျနော်တို့ရဲ့ ဦးစားပေးက သတင်းအချက်အလက်ရော မျှော်လင့်ချက်ပါ ပေးနိုင်မယ့် အကြောင်းအရာတွေကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ အသစ်စက်စက် မိဘတွေအနေနဲ့ စိတ်ခွန်အားပေးတဲ့ မိသားစုရေးရာ အစီအစဉ်တွေကလည်း ကျနော်တို့အတွက် အရေးကြီးပါတယ်”လို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
မင်းသားဟယ်ရီဟာ သူပါဝင်ခဲ့ဖူးတဲ့ “Rising Phoenix” မှတ်တမ်းရုပ်ရှင် ထုတ်လုပ်သူတွေနဲ့ အနီးကပ်အလုပ်လုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဒီမှတ်တမ်းရုပ်ရှင်ကို Netflix ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။
Netflix ရဲ့ Content ဆိုင်ရာအကြီးအကဲနဲ့ ပူးတွဲစီအီးအို Ted Sarandos က “တော်ဝင်စုံတွဲ နှစ်ဦးဟာ သူတို့ရဲ့ စစ်မှန်မှု၊ အကောင်းမြင်တတ်မှုနဲ့ ဦးဆောင်နိုင်မှုတွေကြောင့် ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာရဲ့ လေးစားအားကျခြင်းကို ခံရပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“သူတို့နှစ်ဦးဟာ Netflix ကို သူတို့ရဲ့ ဖန်တီးမှုဆိုင်ရာ အဆောက်အဦအနေနဲ့ ဖန်တီးလိုက်တဲ့အတွက် ကုမ္ပဏီက ဂုဏ်ယူနေပြီး နေရာတိုင်းမှာရှိတဲ့ ပရိသတ်တွေအတွက် နားလည်မှုတွေ မြင့်တက်လာစေပြီး ခံနိုင်ရည်စွမ်းတွေကို တည်ဆောက်ပေးနိုင်မယ့် ဇာတ်လမ်းတွေကို ပြောပြနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ Sarandos က ဆိုပါတယ်။
ဒဏ်ရာရ စစ်ပြန်တွေအတွက် အားကစားပြိုင်ပွဲတခုကို ထူထောင်ခဲ့တဲ့ မင်းသားဟယ်ရီအကြောင်း ရိုက်ကူးထားတဲ့ “Rising Phoenix” မှတ်တမ်းရုပ်ရှင်ဟာ ကြည့်ရှုတွေသူတွေအတွက် ခွန်အားရစေမယ်လို့ ဆိုပါတယ်။ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက်ရဲ့ မြေးတော် မင်းသား ဟယ်ရီဟာ မကြာသေးခင်တုန်းကလည်း စိတ်ကျန်းမာရေးအကြောင်း Oprah Winfrey နဲ့ အတူ ရိုက်ကူးမယ့် မှတ်တမ်းရုပ်ရှင်တခုကို ထုတ်လုပ်ဖို့ Apple TV+ နဲ့အတူ ပူးပေါင်းခဲ့ပါတယ်။
မင်းသားတို့ ဇနီးမောင်နှံနှစ်ဦးဟာ မီဒီယာတွေရဲ့ အာရုံစိုက်မှုကနေ ကင်းလွတ်စေဖို့ လော့စ်အင်ဂျလိစ်မြို့ မြောက်ဘက်မှာရှိတဲ့ Montecito အရပ်မှာ အိမ်ကြီးတလုံးကိုလည်း မကြာသေးခင်တုန်းက ဝယ်ယူခဲ့ပါတယ်။ ကပ်ရောဂါကာလအတွင်း ကယ်လီဖိုးနီးယားကို ရောက်ရှိခဲ့ချိန်ကစလို့ သူတို့နှစ်ဦးဟာ လူသိပ်မသိတဲ့ ပရဟိတလုပ်ငန်း တချို့ကို လုပ်ဆောင်ခဲ့ပြီး ချို့တဲ့မှုတွေ ရှိနေတဲ့ မိသားစုတွေထံ ထောက်ပံ့ပစ္စည်းတွေ မျှဝေပေးခဲ့ကြပါတယ်။
Ref:Reuters
You may also like these stories:
တရုတ် သိပ္ပံစိတ်ကူးယဉ် ဝတ္ထုကို ကမ္ဘာကျော် ရုပ်ရှင်စီးရီး ဖန်တီးသူတွေ ထုတ်ရိုက်မည်
စာချုပ် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး မင်းသမီး ဖန်ပင်းပင်း တရားစွဲခံရ
Billboard Single Chart မှာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ BTS အဖွဲ့