COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ မြင့်တက်လာတဲ့အပေါ် အရမ်း စိုးရိမ်မနေကြဘဲ Mask တပ်ကြဖို့၊ လက်ဆေးကြဖို့နဲ့ မပေါ့ဆကြဖို့ အဆိုတော် ပိုပိုက ဧရာဝတီကို ပြောပါတယ်။
“အခုက ပိုးတွေ့လူနာတွေ ပိုများလာတယ်။ Mask တပ်တာတွေ၊ လက်ဆေးတာတွေ သေချာ ပြန်လုပ်ကြပါ။ မပေါ့ဆပါနဲ့။ အရမ်းကြီးလည်း ကြောက်စရာ မလိုဘူး။ မကြောက်ဘဲနဲ့လည်း နေလို့ မရဘူး။ အရမ်းကြောက်နေပြီးတော့လည်း ဘာမှ လုပ်လို့ မရဘူး။ ဒီရောဂါက အပြတ် ကုသလို့လည်း မရဘူး။ လေထဲမှာတင် လွင့်နေတာ။ အရင်က ၆ ပေ ခွာရင် မဖြစ်ဘူးပေါ့”
“အခုက ပျံ့မှာပဲ ကူးမှာပဲဆိုတော့ အပြင်ကို မလိုအပ်ဘဲ မထွက်ပါနဲ့။ ကြောက်လည်း ကြောက်ရမယ်။ အရမ်းလည်း စိုးရိမ်ပူပန် သောကတော့ မဖြစ်ပါနဲ့။ ဂရုစိုက်ပါ။ အခု စစ်တွေက အများဆုံးဆိုတော့ စစ်တွေက ပိုပို့ ပရိသတ်တွေလည်း ရှိမှာပေါ့။ ကျန်းမာရေး ဂရုစိုက်ကြပါ။ အားတင်းထားပါ”လို့ ပိုပိုက ပြောပါတယ်။
ပိုးတွေ့ လူနာတွေ တရက်တရက် ပိုများလာပေမယ့် အပြင်ထွက်ရင် Mask မတပ်ကြသူတွေ ရှိနေသေးတာကြောင့် ပေါ့ပေါ့ဆဆ မလုပ်ကြဖို့လည်း ပိုပိုက ဆိုပါတယ်။
“ပိုးတွေ့လူနာတွေက များလာပေမယ့် Mask မတပ်ကြတာတောင် တွေ့တယ်။ မပေါ့ပါနဲ့။ အလုပ်မလုပ်ကြဘူးဆိုရင်လည်း ငတ်သေမှာ အတူတူ ဖြစ်ချင်တာဖြစ်ဆိုပြီး အလုပ်လုပ်ရမယ်ဆိုရင်လည်း ဂရုစိုက်ပြီး လုပ်ကြပါ။ ပေါ့ပေါ့ဆဆ မလုပ်ပါနဲ့။ ဆရာဝန်တွေလည်း ဒုက္ခရောက်တယ်။ ကိုယ်တိုင် ရောဂါ ဖြစ်ပြီဆိုရင်လည်း ကိုယ်ပဲ ခံစားရမှာ”
“Mask တွေ အုပ်တာတို့၊ လက်ဆေးတာတို့ သေချာလေး လုပ်ကြပါ။ အတတ်နိုင်ဆုံး မလိုအပ်ရင်တော့ အပြင်မထွက်ပါနဲ့”လို့ ပိုပိုက ပြောပါတယ်။
အခုလို ကာလမှာလည်း ပိုပိုက တတ်နိုင်သလောက် လှူဒါန်းမှုတွေ လုပ်ဖြစ်ပြီး အောက်တိုဘာလမှာလည်း အွန်လိုင်းကနေ live concert တခု သီဆိုဖို့ ရှိတယ်လို့ ဆိုပါတယ်။
“ဒီချိန်မှာ အားလုံးက လက်ပန်းကျနေတာ ပိုပိုလည်း အရမ်းလှူချင်တယ်။ ဒါပေမဲ့ တတ်နိုင်သလောက်ပဲ လှူနိုင်တာပေါ့။ အွန်လိုင်းကနေ Andaman Gold နဲ့ ပေါင်းပြီး live လေး လွှင့်ဖို့ ရှိတယ်။ အမျိုးသမီးအဆိုတော် တယောက်ရယ်နဲ့ ပေါင်းပြီး ဆိုမယ်။ ၈ ပုဒ် ပါမယ်။ ၂ ပိုင်းခွဲပြီး ဖျော်ဖြေသွားမှာပါ။ ၁၀ လပိုင်းလောက် ဖြစ်မယ်”လို့ ပိုပိုက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ Positive လူနာ ၁၁၃၃ ဦး တွေ့ရှိထားပြီး စက်တင်ဘာလ ၃ ရက်နေ့ ညပိုင်း ထုတ်ပြန်ချက်အရ ရောဂါပိုးကင်းစင်လာသူ ၃၅၉ ဦး၊ သေဆုံးသူ ၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
You may also like these stories:
COVID-19 နဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မဖြန့်ဝေကြဖို့ အဆိုတော် ပိုပို ပြော
မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့သတင်း မဟုတ်ကြောင်း ငြင်းဆိုလိုက်တဲ့ ပိုပို