Jamal Khashoggi လုပ်ကြံ သတ်ဖြတ်ခံရမှုအကြောင်း မြင်တွေ့ရမယ့် မှတ်တမ်းရုပ်ရှင်
သတင်းသမား Jamal Khashoggi အသတ်ခံခဲ့ရမှုအကြောင်း ရိုက်ကူးထားတဲ့ ဒါရိုက်တာ Bryan Fogel ရဲ့ “The Dissident” မှတ်တမ်းရုပ်ရှင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ပြုလုပ်ခဲ့တဲ့ Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပြီးနောက် သုံးသပ်ချက်တွေ ဆူညံစွာ ထွက်ပေါ်လာခဲ့ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်နဲ့အတူ Khashoggi ရဲ့ချစ်သူ Hatice Cengiz တို့လည်း အဲ့ဒီအထူးပွဲကို တက်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ Khashoggi ရဲ့ သတ်ဖြတ်ခံရမှု နောက်ကွယ်မှာ ရှိနေတယ်လို့ ရုပ်ရှင်ထဲမှာ ဖော်ပြထားတဲ့ ဆော်ဒီအစိုးရကို ကြောက်ရွံ့ကြတဲ့ ကမ္ဘာ့မီဒီယာ ကုမ္ပဏီတွေနဲ့ တခြားဖြန့်ချိရေးကုမ္ပဏီတွေက အဲ့ဒီမှတ်တမ်းရုပ်ရှင်ကို ဖြန့်ချိပြသဖို့ ချိတ်ဆက်တာမျိုး မလုပ်ခဲ့ကြပါဘူး။
အချိန် ၈ လလောက်ကြာပြီးတဲ့နောက်မှာတော့ ဖြန့်ချိပြသမယ့်သူတဦး ထွက်ပေါ်လာခဲ့ပါပြီ။ “The Dissident” မှတ်တမ်းရုပ်ရှင်ကို ဝယ်ယူထားပြီး Khashoggi ကွယ်လွန်ခဲ့တဲ့ ၂ နှစ်ပြည့် နှစ်ပတ်လည်နဲ့ အချိန်ကိုက်လို့ အခုနှစ် နှောင်းပိုင်းမှာ ပြသဖို့ စီစဉ်ထားတယ်လို့ Briarcliff Entertainment က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
ဒါရိုက်တာ Fogel က “ဆော်ဒီအစိုးရက ကျူးလွန်ခဲ့တဲ့ ကြမ်းတမ်းတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မျက်လုံးစုံမှိတ်ပြီး ကျနော်တို့ လူမှုအသိုင်းအဝန်းက လက်မခံတော့ဘူး ဆိုတာကို ပြသဖို့နဲ့ သူ့ရဲ့ အမှတ်တရတွေကို ဒီရုပ်ရှင်က မီးမောင်းပြသဖို့ဆိုတာ ကျနော့် မျှော်လင့်ချက်ပါ။ ဒီရုပ်ရှင်ဟာ ပူးပေါင်းဆောင်ရွက်မှုနဲ့ အထူးစိတ်ဝင်စားခံရမှုတွေနဲ့အတူ လွတ်လွတ်လပ်လပ် ဖြန့်ချိပြသခွင့် ရမယ်ဆိုတော့ ပျော်ရွှင်မိပါတယ်” လို့ ဆိုပါတယ်။

Washington Post သတင်းစာရဲ့ ဂျာနယ်လစ်ဟောင်းတဦးဖြစ်သူ Khashoggi ဟာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတုန်းက အစ္စတန်ဘူလ်မြို့မှာရှိတဲ့ ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲမှာ အသတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဘင်ဆော်လ်မန်က အဲ့ဒီသတ်ဖြတ်မှုကို စေခိုင်းခဲ့တယ်လို့ စီအိုင်အေက ဆိုပါတယ်။ Khashoggi အသတ်ခံရမှု နောက်ကွယ်မှာ ဆော်ဒီအစိုးရ မရှိခဲ့ဘူးလို့ ကနဦးမှာ ပြောကြားခဲ့တဲ့ အိမ်ရှေ့စံက နောက်ပိုင်းမှာတော့ သူ့တို့ အစိုးရက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပေမယ့် သူ့အမိန့်နဲ့ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အခု “The Dissident” မှတ်တမ်းရုပ်ရှင်မှာတော့ Washington Post သတင်းစာကို ပိုင်ဆိုင်တဲ့ Amazon ဘီလီယံနာသူဌေးကြီး Jeff Bezos ရဲ့ဖုန်းထဲကို ဆော်ဒီအိမ်ရှေ့စံရဲ့ WhatsApp အကောင့်ကနေ ပေးပို့ထားတဲ့ ရန်လိုတဲ့ ဖိုင်တခုကို ထိုးဖောက်ရရှိခဲ့တဲ့ ကုလသမဂ် ဂလူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူတွေရဲ့ ကောက်ချက်ကနေ အစပြုထားပါတယ်။
အဲ့ဒီရုပ်ရှင်ထဲမှာ ဆော်ဒီအစိုးရနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်နေကြတဲ့ နိုင်ငံတွေနဲ့ ကုမ္ပဏီတွေအကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒါရိုက်တာ Fogel ရိုက်ကူးခဲ့တဲ့ “Icarus” ရုရှားမှတ်တမ်းရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး မှတ်တမ်းရုပ်ရှင်ဆုကို ရရှိခဲ့ဖူးပါတယ်။
Ref: abcnews
You may also like these stories:
မင်းသား Robert Pattinson ကိုဗစ် ကူးစက်ခံရပြီး “Batman” ရိုက်ကူးရေး ရပ်နား
မင်းသား Dwayne Johnson တို့ တမိသားစုလုံး COVID-19 ကူးစက်ခံခဲ့ရ
မင်းသား ဟယ်ရီတို့ဇနီးမောင်နှံ Netflix နဲ့ အစီအစဉ်များ ထုတ်လုပ်ရန် စာချုပ်ချုပ်