သရုပ်ဆောင် ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် အလှမယ် သင်းသင်း တရားစွဲဆိုထားတဲ့ အမှုကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စစ်ဆေးနေတာ အခုဆိုရင် အချိန် ၁ နှစ်ကျော်နေပြီး ၂ နှစ် ပြည့်လုနီးပါး ရှိလို့ လာပါပြီ။
တရားလိုဖြစ်သူ အလှမယ် သင်းသင်းကတော့ သစ္စာတရားကို လက်ကိုင်ထားပြီး တရားရုံးတက်လာခဲ့တာ ဖြစ်တာကြောင့် အမှန်တရားကို တရားရုံးက ဆုံးဖြတ်ပေးလိမ့်မယ်လို့ ဆိုပါတယ်။
“ရုံးချိန်းက ၁ နှစ်ကျော်ပြီး ၂ နှစ်ပြည့်တော့မှာပေါ့။ ကျမ တယောက်တည်းအတွက်ကတော့ သစ္စာတရားကို လက်ကိုင်ထားတယ်။ အမှန်တရားကို မြတ်နိုးတယ်။ ရုံးကို အားကိုးတကြီးနဲ့ တက်လာတာလေ။ အမှန်တရားကို ရုံးက ဆုံးဖြတ်ပေးမှာလေ” လို့ သင်းသင်းက ပြောပါတယ်။
လက်ရှိမှာတော့ စွပ်စွဲခံရသူ ဝေဠုကျော်ကို စစ်ဆေးနေပြီဖြစ်ပြီး သင်းသင်းဘက်မှ သက်သေများကိုတော့ စစ်ဆေးပြီး ဖြစ်ပါတယ်။
ဒီကနေ့ စက်တင်ဘာလ ၄ ရက်နေ့ ရုံးချိန်းမှာတော့ မစစ်ဆေးဖြစ်ဘဲ COVID-19 ကပ်ရောဂါ အခြေအနေများကြောင့် ရုံးချိန်းကို ၁ လ ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။
“ရုံးချိန်းတွေက ၁ လ ပြန်ချိန်းလိုက်ပါတယ်။ ကိုဗစ်ကြောင့်ပါ။ ဒီနေ့ အဲဒါကြောင့် မစစ်ဖြစ်တာပေါ့။ စစ်တာက ပြီးတော့မယ်နဲ့ တူပါတယ်။ အရင်ကထက်စာရင်တော့ နီးလာပါပြီ။ ဖြည်းဖြည်းပေါ့” လို့ သင်းသင်းက ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အွန်လိုင်းပေါ်မှာ သင်းသင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို အကောင့်တခုက တင်နေတဲ့အပေါ်ကိုလည်း သင်းသင်းက အခုလို ပြောပါတယ်။
“သူက ကိုယ့်ကို ကြိုက်နေတာလားမှ မသိတာ။ တခါလာလည်း ကိုယ့်အကြောင်းပဲ တင်နေတာ။ ပျော်ဖို့တော့ ကောင်းတယ်။ သူ့မှာ ကိုယ့်ကို အချိန်အားလို့လားမသိဘူး။ စောင့်ကြည့်နေနိုင်တာ သူလည်း ကြိုက်ရင်လည်း ကြိုက်နေမှာ ပြောလို့ မရဘူး” လို့ သင်းသင်းက ပြောပါတယ်။
သရုပ်ဆောင် ဝေဠုကျော်ကိုတော့ ကာမလိမ်လည်မှုဖြင့် တရားလိုဖြစ်သူ သင်းသင်းမှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဝေဠုကျော်အနေနဲ့ ငွေကျပ် သိန်း ၅၀ နဲ့ အာမခံ ရယူကာ အမှုရင်ဆိုင်နေတာ ဖြစ်ပါတယ်။
You may also like these stories:
“ဝေဠုကျော်ကို ၃ ကြိမ်တိတိ ဖြတ်ခဲ့တယ်”လို့ သင်းသင်း ပြော
Organizer ရဲ့ လိမ်လည်မှုကြောင့် အိမ်ထောင်ရှင်အလှမယ်ပွဲမှာ ပြိုင်ခဲ့ရတဲ့ သင်းသင်း
“ဝေဠုကျော်က ကျမဘဝကို လက်ခံခဲ့လို့ ရှေ့ဆက်ခဲ့တာ”လို့ သင်းသင်း ပြော