Entertainment

“ပျော်အောင်ထားမယ် စိတ်ချပါ” သီချင်းကို ပရိသတ်အားပေးလို့ ဝမ်းသာနေတဲ့ ဟဲလေး

“ပျော်အောင်ထားမယ် စိတ်ချပါ” သီချင်းကို ကြည့်ရှုသူ ၁ သန်း ပြည့်အောင် အားပေးခဲ့ကြတဲ့အတွက် အရမ်းဝမ်းသာတယ်လို့ အဆိုတော် ဟဲလေးက ဧရာဝတီကို ပြောပါတယ်။

“ပျော်အောင်ထားမယ် စိတ်ချပါ သီချင်းလေးကို အားပေးကြတာ ကျေးဇူးတင်ပါတယ်။ မှည့်တို့၊ စမူဆာတို့တောင် ၁ သန်း မပြည့်ခဲ့ဘူး။ အချိန်အရမ်းကြာမှ အဲ့လောက် ကြည့်ရှုသူ ရတာပေါ့။ တရက်တည်းနဲ့ Million view ရတော့ အရမ်းဝမ်းသာပါ တယ်။ ကျနော်အရင်က ဆိုနေကျတိုင်း ကျနော်ကတော့ ဆိုလိုက်တဲ့ ဒီသီချင်းလေးက ပရိသတ်အကြိုက်နဲ့ တထပ်တည်း ကျတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကြိုးစားရကျိုးလည်း နပ်ပါတယ်”လို့ ဟဲလေးက ပြောပါတယ်။

အရှေ့လတွေမှာ စိတ်မပျော်ရွင်လို့ သီချင်းမရေးဖြစ်ခဲ့ပေမယ့် ပရိသတ်နဲ့ အဆက်မပြတ်အောင် သီချင်း ရေးဖြစ်ခဲ့တာလို့ ဟဲလေးက ဆိုပါတယ်။

“အရှေ့လတွေက သီချင်းရေးဖို့ စိတ်မပျော်ရွှင်တော့ ဇွန်လလောက်မှာ ဒီသီချင်းလေး ရေးဖြစ်တာပေါ့။ အဲ့မှာ သူများတွေ အတွက်လည်း သီချင်းတွေ ရေးပေးတယ်။ သီချင်းတွေ ရေးရင်း ပရိသတ်နဲ့ အဆက်မပြတ်သွားအောင် တပုဒ်လောက် လုပ်မယ်ဆိုပြီး ဒီသီချင်းလေးရေး ဖြစ်သွားတာပါ”လို့ ဟဲလေးက ပြောပါတယ်။

ဒီသီချင်းကိုတော့ ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးထားပြီး သရုပ်ဆောင် အလင်းရောင်နဲ့ ခြူးလေးတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ သီချင်း Music Video ဖန်တီးဖြစ်ပုံကိုလည်း ဟဲလေးက အခုလို ဆိုပါတယ်။

“ကျနော့် သီချင်းတွေ ထွက်ရင် Music Video ပါ တခါတည်း တွဲထွက်တာဆိုတော့ ဒီသီချင်းလေးမှာလည်း Golden hour က ဒါရိုက်တာ မင်းသား၊ မင်းသမီး သူရွေးချယ်တာပါ။ သူရွေးချယ်တဲ့သူကလည်း ကျနော်ကိုယ်တိုင် ကြိုက်တဲ့သူတွေ ဆိုတော့ သီချင်းနဲ့လည်း တော်တော်လေး လိုက်တယ်”

“ရုပ်ရှင်ကားတကား ကြည့်နေရသလိုပဲ ခံစားရတယ်။ ပရိသတ်တွေက ဒီသီချင်းလေးက ဟဲလေးပုံစံကို ပြန်ရသွားတဲ့အတွက် အရမ်းကြိုက်ကြတယ်။ အဲ့အတွက် ဝမ်းသာရပါတယ်။ နောက်ထပ် ထပ်ထွက်မယ့် သီချင်းတွေက ထူးခြားတယ်။ ကျနော်နဲ့ တွဲမဆိုဖူးတဲ့ အဆိုတော်တွေနဲ့ တွဲဆိုဖို့တွေ ရှိမယ်”လို့ ဟဲလေးက ပြောပါတယ်။

ဂီတသက်တမ်း နှစ် ၂၀ ကျော်ပြီဖြစ်တဲ့ ဟဲလေးက အခုချိန်ထိ ထွက်သမျှ သီချင်းတွေကို အားပေးကြလို့ ပရိသတ်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

“ပျော်အောင်ထားမယ် စိတ်ချပါ” ဆိုတဲ့ သီချင်းမျိုး ဖီးလ်ရတာမျိုးတွေ ထပ်ရေးသွားဖို့တွေ ရှိပါတယ်။ ကျနော် ဖြတ်သန်းလာတဲ့ အနုပညာသက်တမ်း နှစ် ၂၀ လောက်ရှိပြီ။ အခုက ကျနော်တို့ခေတ် မဟုတ်တော့ဘူး။ လူငယ်တွေ ခေတ်ဖြစ်နေပြီ။ ဒါပေမဲ့လည်း ကျနော် သီချင်းတွေ ထွက်တာနဲ့ အခုချိန်ထိ အားပေးကြလို့လည်း ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ ဟဲလေးက ပြောပါတယ်။

အဆိုတော် ဟဲလေးကတော့ သူ့ရဲ့ ဂီတလှုပ်ရှားမှုတွေကို ၂၀၀၀ ခုနှစ်ဝန်းကျင်က “Teen” ဆိုတဲ့ အဆိုတော် အဖွဲ့ထဲကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဟဲလေးဟာ ဂီတအလုပ်တွေလည်း တစိုက်မတ်မတ်လုပ်ဆောင်နေသူ ဖြစ်သလို မိသားစုကိုလည်း အချိန်ပေးတဲ့ ဖခင်ကောင်းတယောက် ဖြစ်ပါတယ်။

You may also like these stories:

“ဒီအချိန်မှာ ကောလာဟလ သတင်းတွေ မထွက်စေချင်ဘူး”လို့ စန္ဒီမြင့်လွင် ပြော

သစ္စာတရားကို လက်ကိုင်ထားပြီး တရားရုံး တက်ခဲ့တဲ့ အလှမယ် သင်းသင်း

“အခုချိန် မလိုအပ်ဘဲ အပြင်မထွက်ကြပါနဲ့”လို့ အဆိုတော် ပိုပိုပြော

Loading