“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲမှာ မိုးနတ်သားရဲ့ ဦးကြီးတော်နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသူက ဒီဇာတ်ကားမှာ ပါဝင်ဖြစ်ပုံကို အခုလိုပဲ ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက် ဇာတ်လမ်းတွဲမှာ မိုးနတ်သား ခါရာရဲ့ ဦးလေး ဝါယု နတ်မင်းနေရာက သရုပ်ဆောင်ထားတယ်။ ဒီကားလေးမှာ ပါဝင်ဖြစ်တာက Bonanza Production နဲ့ အရှေ့မှာ လိပ်ပြာစီးရီး ရိုက်ဖြစ်တယ်။ “ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲက ဒုတိယအကြိမ် လက်တွဲဖြစ်တဲ့ စီးရီးပေါ့။ ဦးလေးနေရာမှာ လိုက်ဖက်မယ်ထင်လို့ သူတို့ ကမ်းလှမ်းတာနဲ့ ကျနော်လည်း ပါဝင်ဖြစ်ခဲ့တာပါ”လို့ မင်းသူက ပြောပါတယ်။
ဒီကားမှာ ဝတ်ဆင်ခဲ့တဲ့ နတ်ဝတ်စုံတွေနဲ့ ပတ်သက်ပြီးလည်း အထူးအဆန်း ဖြစ်ခဲ့တယ်လို့လည်း မင်းသူက ဧရာဝတီကို ပြောပါတယ်။
ဇာတ်ကား ရိုက်ကူးစဉ် အမှတ်တရတွေ အကြောင်းကိုလည်း မင်းသူက အခုလိုပဲ ပြောပါတယ်။
“ဇာတ်ညွှန်းကတော့ ကြိုပေးထားတာ ဇာတ်ညွှန်းထဲ ပါတဲ့ စကားလုံးတွေက ရိုက်နေကျ “မှန်လှပါ”တို့ မဟုတ်ဘဲ စကားကို အတိအကျ ပြောပေးရတာလေးတွေ ရှိတယ်။ အဲ့ဒါလေးတော့ ကျက်ယူရတယ်။ ရိုက်တုန်းက ဒီဝတ်စုံက အကျပ် ဝတ်ရတော ဗိုက်နည်းနည်း ထွက်တယ်။ အဲ့ဗိုက် ကျအောင်တော့ နည်းနည်း Train ခဲ့ရတယ်။ ကျနော်တို့ကို ဝေဖန်တာတော့ ရှိလာမှာပဲ။ ဒီလိုမှ ဖောက်မထွက်ဘဲ ပုံမှန်တိုင်းသွားနေရင် ဘာမှ မထူးလာဘူးလေ”
“အဲ့တော့ ဒီကားလေးကတော့ ကြည့်ရတာ အရမ်းကောင်းတယ်။ လုပ်ယူကြတဲ့ အိုက်တင် မဟုတ်ဘဲ သဘာဝတိုင်းဖြစ်နေလို့ ကျေနပ်တယ်။ ဒီကားလေးကို ကြိုက်ကြတဲ့သူတွေလည်း ရှိသလို မကြိုက်လို့ မကောင်းပြောကြတာလည်း ရှိမှာပဲ။ ကျနာ်တို့ကတော့ ကျရာ နတ်မင်းနေရာက ညီငယ် ညီမငယ်တွေကို သရုပ်ဆောင်ကောင်းအောင် တတ်နိုင်သလောက် ဇာတ်ပို့ပေးတာပါ”လို့ မင်းသူက ပြောပါတယ်။
ဆက်လက်ပြီး ဝေဖန်ပြောဆိုနေတဲ့အပေါ်လည်း ဘာမှ မပြောချင်ဘူးလို့ မင်းသူက ဆိုပြီး ပရိသတ်တွေလည်း လွတ်လပ်စွာ ပြောခွင့်ရှိတယ်လို့ ဆိုပါတယ်။
“ဒီကားထဲက နတ်မင်းတွေက ဘယ်လိုနတ်တွေလဲ တခါမှ မမြင်ဖူးဘူး ပြောကြတယ်။ တခါမှ မမြင်ဖူးတာကို ချပြတာက အနုပညာ ဖန်တီးမှု တခုလေ။ မြင်နေကျပုံစံ မဟုတ်တဲ့ အနုပညာကို ချပြတာတော့ ကျနော်ကတော့ ကြိုက်တယ်။ ဇာတ်လမ်းကလည်း စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်တယ်လို့ ပြောထားပြီးသားဆိုတော့ ဝေဖန်ပြောဆိုနေတာကို ဘာမှ မပြောချင်ပါဘူး”
“နတ်တွေက အိုတယ်။ ကိုရီးယား မင်းသားလေးတွေ ပုံနဲ့ နတ်ပြည် မတက်တော့ဘူး။ ငရဲပြည်ပဲ ဆင်းတော့မယ်လို့ Troll ကြတာတွေ တွေ့ရတယ်။ သူ့တို့ဘာသာ သူတို့ လွတ်လပ်စွာ ပြောခွင့် ရှိပါတယ်။ ကျနော်တို့ကို ပြောနေတာလည်း ဘာမှမပြောချင်ပါဘူး”လို့ မင်းသူက ပြောပါတယ်။
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲကိုတော့ သြဂုတ်လ ၂၄ ရက်နေ့မှ စတင်ကာ MNTV ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသနေတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ခါရာ၊ မိုးယံဇွန်၊ မြတ်နိုးအေး၊ ပြည့်ဝတီမောင်၊ မေသူထွန်း၊ ထက်ဦးထွဋ်တို့ ပါဝင် သရုပ်ဆောင်ထားပြီး မင်းသူ၊ ဦးဝင်းမြိုင်တို့ကလည်း နတ်မင်းကြီးများ နေရာကနေ ပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“နတ်ဝတ်စုံတွေက ကော်ပီယူ ချုပ်ထားတာ မဟုတ်ဘူး”လို့ ဒီဇိုင်နာ သျှတ္တရ ပြော
“မိုးနတ်မင်းကြီးကို စောင့်ကြည့်ပေးကြပါ”လို့ ဦးဝင်းမြိုင် ပြော
“ရင်ခုန်သံ ၇၄ ရက်” ဇာတ်လမ်းတွဲက စိတ်ကူးယဉ် ဇာတ်လမ်းပါ
ဝေဖန်မှုများနေတဲ့ မိုးနတ်သား ကာရိုက်တာ အကြောင်း ပြောပြတဲ့ ခါရာ