နာမည်ကျော် BTS အဖွဲ့ဟာ Billboard Hot 100 ဇယားမှာ ထိပ်ဆုံးကို ရောက်ခဲ့တဲ့ ပထမဆုံး ကိုရီးယား အဖွဲ့ ဖြစ်လာခဲ့ပြီးတဲ့နောက် အဖွဲ့ဝင် ၇ ဦးလုံးရဲ့ စစ်မှုထမ်းမှုနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
လက်ရှိ တည်ဆဲဥပဒေအရ တောင်ကိုရီးယားမှာ ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတွေ အားလုံးဟာ ၁၈ လကနေ ၂၂ လအထိ စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ Kim Seok-jin လို့ခေါ်တဲ့ အသက်အကြီးဆုံးအဖွဲ့ဝင် Jin ဟာ အခုနှစ်မကုန်ခင် စစ်မှုထမ်းရဖို့ ရှိနေတယ်လို့ Big Hit အင်တာတိန်းမန့်က ပြောဆိုထားပါတယ်။
အဖွဲ့ဝင် Jin ဟာ အသက် ၂၈ နှစ်ပြည့်ပြီးတဲ့နောက် စစ်မှုထမ်းဖို့ ပြင်ဆင်ထားပေမယ့် BTS အဖွဲ့ရဲ့ အေဂျင်စီကတော့ သူဟာ အွန်လိုင်းဘွဲ့သင်တန်းကို တက်ဖို့ စာရင်းသွင်းလိုက်တာကြောင့် အချိန်တနှစ် နောက်ဆုတ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။ တည်ဆဲဥပဒေအရ မာစတာတန်း တက်ရောက်နေတဲ့ ကျောင်းသားတွေအနေနဲ့ အသက် ၂၉ နှစ်အတိုင်ခင် စစ်မှုထမ်းတာဝန် ထမ်းဆောင်ခွင့်ကို ရွှေ့ဆိုင်းခွင့် ရှိပါတယ်။
လွန်ခဲ့တဲ့နှစ်မှာ BTS အဖွဲ့ဟာ Billboard 200 ဇယားမှာ နံပါတ် ၁ နေရာကို ၃ ကြိမ် ရရှိခဲ့ပြီးတဲ့နောက် လက်ရှိ စစ်မှုထမ်း ကင်းလွတ်ခွင့်စနစ်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ BTS ရဲ့ ပရိသတ်တွေနဲ့ BTS အဖွဲ့ရဲ့ စစ်မှုထမ်း ကင်းလွတ်ခွင့်ကို ထောက်ခံသူတွေကတော့ လက်ရှိ ဥပဒေဟာ ခေတ်မမီတော့ဘဲ မျှတမှု မရှိဘူးလို့ ဆိုပါတယ်။
၁၉၇၃ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့တဲ့ စစ်မှုထမ်း ကင်းလွတ်ခွင့် ဥပဒေအရ နိုင်ငံတော် အသိအမှတ်ပြု ပြည်တွင်းနဲ့ နိုင်ငံတကာယှဉ်ပြိုင်ပွဲတွေမှာ ဆုရရှိခဲ့တဲ့ ဂီတပညာရှင်တွေနဲ့ အားကစားသမားတွေဟာ စစ်မှုထမ်း ကင်းလွတ်ခွင့် ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီဥပဒေဟာ BTS လိုမျိုး ပေါ့ပ်အနုပညာရှင်တွေအပေါ်တော့ သက်ရောက်မှု မရှိပါဘူး။
ပြီးခဲ့တဲ့နှစ်၊ နိုဝင်ဘာလတုန်းကလည်း ယဉ်ကျေးမှုဝန်ကြီး Park Yang-woo က BTS အဖွဲ့ဟာ စစ်မှုထမ်း ကင်းလွတ်ခွင့်ရမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တဲ့နေက် အငြင်းအခုံတွေ ဖြစ်ခဲ့ကြပါတယ်။ အခုတကြိမ်မှာတော့ BTS အဖွဲ့ရဲ့ စစ်မှုထမ်းတာဝန်ကို အချိန်ရွှေ့ဆိုင်းဖို့ လုပ်ဆောင်လာကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာတော့ အာဏာရ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် Jeon Yong-gi က နာမည်ကျော် ယဉ်ကျေးမှုနဲ့ အနုပညာတွေကို ကောင်းမွန်စွာ ဖြန့်ဝေနိုင်သူတွေကို မဖြစ်မနေစစ်မှုထမ်းရေး ရွှေ့ဆိုင်းမှုရရှိဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်းတခုကို တင်သွင်းခဲ့ပါတယ်။
Jeon ရဲ့ မူကြမ်းထဲမှာ ယဉ်ကျေးမှုဝန်ကြီးရဲ့ ထောက်ခံချက်၊ စစ်တပ် အမျိုးသားစွမ်းအား စီမံခန့်ခွဲရေးအကြီးအကဲရဲ့ အတည်ပြုချက်နဲ့ အသက် ၃၀ မပြည့်ခင်အထိ စစ်မှုထမ်းဖို့ ရွှေ့ဆိုင်နိုင်ခွင့်ရရှိမယ့် အဆိုပြုချက် ပါဝင်လာပါတယ်။
ဥပဒေပြုသူ Jeon ဟာ စစ်မှုထမ်းကင်းလွတ်ခွင့်နဲ့ ရွှေ့ဆိုင်းခွင့်တို့ဟာ မတူညီတဲ့ ကိစ္စတွေ ဖြစ်တဲ့အကြောင်းနဲ့ တိုင်းပြည်အနေနဲ့ အသက် ၂၀ ကျော်အရွယ်မှာသာ ထိပ်ဆုံးရောက်နိုင်တဲ့ ပေါ့ပ်အနုပညာရှင်တွေအတွက် ရွေးချယ်ခွင့်ပေးသင့်တယ်လို့ အလေးပေးပြောဆိုထားပါတယ်။ ဒါပေမဲ့ BTS အဖွဲ့ဝင်တွေကတော့ အခုအကြောင်းအရာနဲ့ ပတ်သက်လို့ ရှင်းလင်းတဲ့ ထင်မြင်ချက် မပေးသေးပါဘူး။
အဖွဲ့ဝင် Jin ကတော့ လွန်ခဲ့တဲ့နှစ် ဧပြီလမှာ စစ်မှုထမ်းရနိုင်ချေရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။ CBS ရုပ်သံလိုင်းရဲ့ Sunday Morning အစီအစဉ်မှာ သူက “ကိုရီးယားနိုင်ငံသားတွေအတွက် ဒါဟာ သဘာဝကျပါတယ်။ တနေ့မှာ တာဝန်ကျလာပြီဆိုရင် ကျနော်တို့ဟာ တုံ့ပြန်ဖို့ အဆင်သင့်ရှိနေမှာဖြစ်ပြီး အကောင်းဆုံးလုပ်ဆောင်မှာပါ” လို့ ပြောခဲ့ဖူးပါတယ်။
Ref: thejakartapost
You may also like these stories:
Billboard Single Chart မှာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ BTS အဖွဲ့
BTS သီချင်းသစ်ကို မှတ်ချက်ပေးခဲ့တဲ့ မလေးရှား ရုပ်ရှင်မင်းသမီး ဝေဖန်ခံရ
BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ