အမေရိကန်နိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရတဲ့ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ခဲ့ပြီးတဲ့နောက် ဒါရိုက်တာ Christopher Nolan ရဲ့ “Tenet” ရုပ်ရှင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအတွင်းမှာ ဒေါ်လာ သန်း ၂၀ ဒဿမ ၂ သန်း ဝင်ငွေရခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၆ လအတွင်း ပိတ်ထားခဲ့ရတဲ့ ရုပ်ရှင်ရုံတွေကို ပြန်ဖွင့်ပေးခဲ့ပြီးတဲ့နောက် အမေရိကန်နိုင်ငံသား တော်တော်များများက အခုလိုမျိုး အင်အားနဲ့ ကြည့်ရှု အားပေးခဲ့ကြတာကြောင့် ရလဒ်ကောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံ တဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံတွေရဲ့ ၇၀ ရာခိုင်နှုန်းကို ပြန်ဖွင့်ပေးလိုက်ပြီ ဖြစ်ပေမယ့် လော့စ်အင်ဂျလိစ်နဲ့ နယူးယောက်လို့ ထိပ်တန်းရုပ်ရှင် ဈေးကွက်မှာတော့ ရုံတွေကို ပိတ်ထားရဆဲဖြစ်ပါတယ်။ ရုပ်ရှင်လာကြည့်တဲ့ ပရိသတ်တွေကို တဦးနဲ့တဦး ခပ်ခွာခွာ ရှိစေဖို့ ကြည့်ရှုသူ အရေအတွက်ကိုလည်း ၅၀ ရာခိုင်နှုန်းအထိ လျှော့ချထားရပါတယ်။
“Tenet” ရုပ်ရှင်ကိုတော့ မြောက်အမေရိကတခွင်မှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၃၀၀၀ နီးပါးလောက်မှာ ပြသခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံထက် COVID-19 ရောဂါပိုးတွေ့ရှိမှုနည်းပါးခဲ့တဲ့ ကနေဒါနိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာတော့ အဲ့ဒီ ရုပ်ရှင်ကို သီတင်းတပတ်စောပြီးတော့ ပြသခဲ့တာဖြစ်ပါတယ်။
Tenet ရုပ်ရှင်ဟာ တရုတ်နိုင်ငံမှာလည်း အခြေအနေကောင်းခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအတွင်း ဒေါ်လာ သန်း ၃၀ ဖိုး လက်မှတ်ရောင်းအား ရှိခဲ့ပါတယ်။ နိုင်ငံတကာမှာတော့ ဒေါ်လာ ၁၄၆ ဒဿမ ၂ သန်းအထိ ဝင်ငွေရထားတာကို တွေ့ရပါတယ်။
John David Washington, Robert Pattinson နဲ့ Elizabeth Debicki တို့ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ အဲ့ဒီသည်းထိတ်ရင်ဖိုရုပ်ရှင်ဟာ CinemaScore ရုပ်ရှင်အမှတ်ပေးဝက်ဘ်ဆိုက်မှာ B အဆင့်သာ သတ်မှတ်ခံထားရပြီး ဒါဟာ ၂၀၀၆ ခုနှစ်ကထွက်ခဲ့တဲ့ ဒါရိုက်တာ Nolan ရဲ့ “The Prestige” ရုပ်ရှင်နောက်ပိုင်း အနိမ့်ဆုံး အဆင့်သတ်မှတ်ချက်လည်း ဖြစ်ပါတယ်။
Rotten Tomatoes ရုပ်ရှင်ဝေဖန်ရေးဝက်ဘ်ဆိုက်မှာတော့ သုံးသပ်သူတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်က အကောင်းဘက်ကနေ အမှတ်ပေးထားကြပါတယ်။ Warner Bros. ကတော့ အမှုဆောင်တွေကို အခုလိုမျိုး ရုံစတင်ခဲ့တဲ့ Tenet ရုပ်ရှင်နဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုခွင့် ပေးမထားပေမယ့် ရုပ်ရှင်ကို အမျိုးမျိုး သုံးသပ်ဝေဖန်လို့ ရတယ်လို့ ဆိုပါတယ်။
မြောက်အမေရိက ဒေသမှာရှိတဲ့ ရုပ်ရှင်ရုံတွေဟာ ဥရောပနဲ့ အာရှမှာရှိတဲ့ ရုပ်ရှင်ရုံတွေအတွက် ပိုပြီး စိန်ခေါ်မှု များပေမယ့် “Tenet” ရုပ်ရှင်အတွက်တော့ အစကောင်းခဲ့တဲ့ နေရာတခုဖြစ်ခဲ့ပါတယ်။
Ref: AP
You may also like these stories:
BTS ကြောင့် ကိုရီးယားစစ်မှုထမ်းဥပဒေ အပြောင်းအလဲ လုပ်ဖို့ရှိနေ
“နတ်ဝတ်စုံတွေက ဝတ်နေကျပုံစံ မဟုတ်ဘဲ အထူးအဆန်း ဖြစ်ခဲ့တယ်”
Jamal Khashoggi လုပ်ကြံ သတ်ဖြတ်ခံရမှုအကြောင်း မြင်တွေ့ရမယ့် မှတ်တမ်းရုပ်ရှင်